၁-၆-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၅)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊   သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၅) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို   ၂၀၂၂   ခုနှစ်၊    ဇွန် ၁ ရက်    မွန်းလွဲ ၁ နာရီ တွင်   ပြန်ကြားရေးဝန်ကြီးဌာန၌  ကျင်းပပြုလုပ်ရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်  ဗိုလ်ချုပ်ဇော်မင်းထွန်း၊            ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့်  ဌာနဆိုင်ရာ   သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏  သိရှိလိုသည့်  မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။

 

(ယမန်နေ့မှ အဆက်)


တိုင်းရင်းသားများနှင့်ပတ်သက်ပြီး နိုင်ငံတော် ၏   နိုင်ငံရေးအပိုင်းတွင် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုသည် နိုင်ငံတော်အတွက် အသက်တမျှ အရေးပါသည်ဖြစ်၍ တိုင်းရင်းသား ညီအစ်ကိုများ ကြား သံသယများဖယ်ရှားကာ ထာဝရငြိမ်းချမ်းရေး ရရှိအောင်ကြိုးစားတည်ဆောက်လျက်ရှိပါကြောင်း၊ တိုင်းပြည်အတွက် ငြိမ်းချမ်းရေးကို တစ်ရက်စော တည်ဆောက်နိုင်လျှင်        ပြည်သူများအတွက် တစ်ရက်စောအကျိုးရှိမည်ဖြစ်ကြောင်း၊ ယင်းကို လည်း အစိုးရအနေနှင့်  တစိုက်မတ်မတ်လုပ်ဆောင် နေသည်ဖြစ်ကြောင်း၊       ထိုသို့ဆောင်ရွက်ရာတွင် ငြိမ်းချမ်းမှု     တည်‌ဆောက်ရေးလုပ်ငန်းစဉ်များ သာမက နိုင်ငံတည်ဆောက်ရေး (State  Building) သာမက  တိုင်းပြည်တည်‌ဆောက်ရေး (Nation Building)   ကိုပါ   ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပမာအားဖြင့်       တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအနေဖြင့်         စာပေဘာသာစကား၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဓလေ့ထုံးစံများကို ဆောင်ရွက်ခဲ့မှုအနေဖြင့် တိုင်းရင်းသားဘာသာရပ် စာပေသင်ကြားရေး ဆရာ/ဆရာမများ နေရာတွင် တိုင်းရင်းသားဘာသာ     စာပေသင်ကြားနိုင်သည့် ပြင်ပပုဂ္ဂိုလ် Teaching Assistant(TA)  ၁၂၁၂ ဦးနှင့် Language Teacher(LT)   နှစ်ဦးတို့ကို  ပညာရေး ဝန်ကြီးဌာနနှင့်   ပူးပေါင်း၍   ခန့်ထားပေးနိုင်ခဲ့ပါကြောင်း။

 


တိုင်းရင်းသားစာပေသင်ကြားရေး


ထို့ပြင် တိုင်းရင်းသားဘာသာရပ် စာပေအသစ် များဖြစ်ကြသည့် (တိုင်းခမ်းတီ၊  မော်ကင်း (ဆလုံ)၊ တောင်ရိုး၊   ခမီ၊    သက်)    ငါးမျိုးအတွက်လည်း Teaching  Assistant(TA) ၁၂၇ ဦးနှင့် Language Teacher (LT) သုံးဦးတို့ကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍    ခန့်ထားပေးနိုင်ခဲ့ပါကြောင်း၊    လက်ရှိ တွင် ကျောင်းသားဦးရေအရ ထပ်မံလိုအပ်နေသည့် Teaching Assistant(TA)နှင့် Language Teacher (LT) ဆရာ/ ဆရာမများ ခန့်ထားနိုင်ရေးအတွက် လစ်လပ်နေသည့်   အခြေခံပညာကျောင်းများတွင် လျှောက်လွှာသစ်များခေါ်ယူ၍ Teaching Assistant (TA) နှင့် Language Teacher(LT) များခန့်ထားနိုင် ရေးစိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊     တိုင်းရင်း သားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထင်ဟပ် စေရန်အတွက် တိုင်းရင်းသားစာပေသင်ကြားရေး နှင့်  ပတ်သက်သည့်   ဆရာ၊ ဆရာမများကို လစာ တိုးမြှင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 


ယင်းသို့   တိုင်းရင်းသားစာပေများ   ဖွံ့ဖြိုး တိုးတက်ရေးအပြင် အဆိုပါ တိုင်းရင်းသားဒေသရှိ တိုင်းရင်းသားစာပေ     အမှန်တကယ်ကျွမ်းကျင် သည့်  တိုင်းရင်းသားများကို ပညာအရည်အချင်း လျှော့ပေါ့၍ ကိုးတန်းအောင် တိုင်းရင်းသားများအား ခန့်ထားနိုင်ရေး ‌    ဆောင်ရွက်နေသည့်အတွက် တိုင်းရင်းသားလူငယ်များ၏  အလုပ်အကိုင်အခွင့် အလမ်းများ   တိုးတက်ရရှိစေပါကြောင်း၊   တိုင်း ဒေသကြီး၊ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာ သင်ကြားနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ တိုင်းရင်းသားစာပေ ၇၂ မျိုးအား ခွင့်ပြုသင်ကြားလျက်ရှိပါကြောင်း၊       မိမိတို့၏ရည်ရွယ်ချက်မှာ မိမိတို့တိုင်းရင်းသားများ၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုများကို မပျောက်ပျက်အောင် တိုင်းပြည် တည်ဆောက်ရေး (Nation Building) ကို ဆောင် ရွက်နေခြင်းဖြစ်ကြောင်း၊ သင်ရိုးတွင်ပါဝင်သည့် ဘာသာရပ်တိုင်းကို တိုင်းရင်းသားဘာသာများဖြင့် သင်ခြင်းမဟုတ်ဘဲ မြန်မာစာ၊ အင်္ဂလိပ်စာသင်သကဲ့ သို့  ဘာသာစကားကိုသာ  သင်ကြားပေးခြင်းဖြစ် ကြောင်း၊ သင်ကြားရာတွင်လည်း     သက်ဆိုင်ရာ တိုင်းရင်းသားများရှိသည့်       နေရာများ၌သာ သင်ကြားပေးသွားမည်ဖြစ်ပြီး    အစိုးရအနေဖြင့်  တိုင်းရင်းသားများနှင့်ပတ်သက်သည့်      စာပေ၊ ယဉ်ကျေးမှုများကို အစဉ်အမြဲ အားပေးလျက်ရှိပါ ကြောင်း၊   သို့သော်လည်း   မိမိတို့ဂရုပြုရမည်မှာ မိမိတို့နိုင်ငံတွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့် ရုံးသုံး ဘာသာစကား၊ ရုံးသုံးစာသည် မြန်မာစာနှင့် မြန်မာ စကားဖြစ်ကြောင်းကို သတိပြုရမည်ဖြစ်ကြောင်း။

 


နိုင်ငံတကာ၌လည်း အများအားဖြင့် သတ်မှတ် ထားသည့် ရုံးသုံးစာ၊ ရုံးသုံးဘာသာစကားသည် တစ်မျိုးသာရှိကြောင်း၊ အချို့နိုင်ငံများတွင် နှစ်မျိုး သုံးမျိုးရှိသော်လည်း အများအားဖြင့် ပြည်ထောင်စု စနစ်ဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံများတွင် တစ်သမတ် တည်းဖြစ်အောင် သတ်မှတ်ထားကြောင်း၊ ထို့ပြင် တိုင်းရင်းသားတိုင်းသည် နိုင်ငံသားများဖြစ်၍ နိုင်ငံသား ဖြစ်ခွင့်ရှိသူများဖြစ်ကြောင်း၊  ထို့ကြောင့်  နယ်စပ် ဒေသများတွင်နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုး များကို   နိုင်ငံသားစိစစ်ရေးကတ်    အမြန်ရရှိရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 


 ပြည်ထောင်စု၏အလှတရား


တိုင်းရင်းသား မျိုးနွယ်စုများအနေဖြင့်လည်း မိမိတို့၏ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းအစဉ်အလာများ ဖွံ့ဖြိုးတိုးတက်ပြီး မိမိ တို့၏ ရိုးရာယဉ်ကျေးမှုများ မပျောက်ပျက်အောင် မြှင့်တင်ထိန်းသိမ်းရေး    ကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ မတူညီသည့် တိုင်းရင်းသားလူမျိုးစု တို့၏    ယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့်   ဘာသာ၊ စာပေတို့သည်      ပြည်ထောင်စု၏အလှတရားဖြစ် ကြောင်း၊  ထို့ကြောင့်   မိမိတို့၏ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ ဘာသာစကား၊ စာပေများကို ဖော်ထုတ်ကြသကဲ့သို့ ပြည်ထောင်စု၏ အလှ၊ နိုင်ငံ တော်၏အလှကိုလည်း      ဖန်တီးပုံဖော်ပေးကြရန် တိုက်တွန်းလိုပါကြောင်း။

 


ဆက်လက်ပြီး မိုးရာသီအတွင်းဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့်    သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များ      ပြင်ဆင် ဆောင်ရွက်ထားရှိမှုကိုတင်ပြလိုပါကြောင်း၊ မြန်မာ နိုင်ငံသည် ရာသီဥတုဖောက်ပြန်မှုနှင့်  သဘာဝဘေး အန္တရာယ်ကိုလည်း နှစ်စဉ်အနည်းနှင့် အများခံနေရ သည့်  နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မိုးရာသီကာလ အတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုများဖြစ်ခြင်း စသည် ဖြင့် အခါအားလျော်စွာ ဖြစ်ပေါ်လေ့ရှိပါကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး      အမျိုးသားရေးအသွင်ဖြင့် ပုံဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေး အန္တရာယ်အတွက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌကိုယ်တိုင်  ဦးစီးဆောင်ရွက် သည့် “အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ”   ကို  ဖွဲ့စည်းထားရှိပြီးဖြစ် ကြောင်း၊ ကော်မတီအောက်တွင် လုပ်ငန်းကော်မတီ များ၊  တိုင်းဒေသကြီး/  ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း။ 


ဘေးအန္တရာယ်စီမံခန့်ခွဲမှု


ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒ     ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ပေးလျက်ရှိသည့်     မိုးလေဝသဆိုင်ရာ ကြိုတင်ခန့်မှန်းချက်နှင့်  သတိပေးချက်များ  အပါ အဝင်   ဒေသတွင်းနှင့်    နိုင်ငံတကာမိုးလေဝသ အေဂျင်စီများ၏ ကြိုတင်ခန့်မှန်းချက်နှင့် အသိပေး ချက်များကိုပါ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ပြီး လိုအပ်သည့် သတင်းအချက်အလက်များရယူပေး လျက်ရှိပါကြောင်း၊    ဥပမာအားဖြင့်     မုန်တိုင်း အန္တရာယ်တစ်ခုကျရောက်ပါက  အရောင်အဆင့် ၅     မျိုးသတ်မှတ်ပြီး        သတိပေးမှုများပြုလုပ်ပါ ကြောင်း၊     ယင်းတို့ကို       နိုင်ငံပိုင်မီဒီယာများမှ  ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊        ဘင်္ဂလား ပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွင်  အပူပိုင်း မုန်တိုင်း        စတင်ဖြစ်ပေါ်သည့်အချိန်အခါကို အဝါရောင်အခြေအနေ သတ်မှတ်ကြောင်း၊     ယင်း အဝါရောင်အရေးပေါ်အခြေအနေကို        နိုင်ငံပိုင် မီဒီယာများ၊ မြန်မာ့အသံရုပ်မြင်သံကြား၊  ပုဂ္ဂလိက ပိုင်မီဒီယာများနှင့်   FM များမှ တစ်နာရီ နှစ်ကြိမ်မှ သုံးကြိမ်ခန့် သတိပေးချက်များ ထည့်သွင်းထုတ်လွှင့် နေကြောင်း၊ အဝါရောင်  အရေးပေါ်အခြေအနေ ဖြစ်သည့် နေရာဒေသမှ မြန်မာ့ကမ်းရိုးတန်းဒေသသို့  ဦးတည်ရွေ့လျားလာမည်ဆိုလျှင်   လိမ္မော်ရောင် အခြေအနေ  သတ်မှတ်ထားပြီး  မီဒီယာများဖြင့်  တစ်နာရီလျှင်    သုံးကြိမ်မှ   လေးကြိမ်ခန့်အထိ  သတိပေးချက်များ ထုတ်လွှင့် သတိပေးပါကြောင်း။

 

မုန်တိုင်းသည်    မြန်မာ့ကမ်းရိုးတန်းဆီသို့ ဦးတည်ရွေ့လျားလာပြီး    မြန်မာ့ကမ်းရိုးတန်းသို့ မဖြတ်ကျော်မီ ၁၂ နာရီအလိုကို အနီရောင်အရေးပေါ် အခြေအနေသတ်မှတ်ပြီး အန္တရာယ်ရှိသည့်အဆင့် ဖြစ်ကြောင်း၊ စီမံချက်ပါအတိုင်း  ကြိုတင်ပြင်ဆင် ပြီးစီးအောင်     ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အန္တရာယ်ရှိသည်ဖြစ်၍ လုံခြုံစိတ်ချရသည့် နေရာ များကို      ပြောင်းရွှေ့နေရာယူရန်ဖြစ်ကြောင်း၊ မုန်တိုင်းအသိပေးချက်ကို မီဒီယာမှ တစ်နာရီလျှင် သုံးကြိမ်မှ   ခြောက်ကြိမ်ခန့်အထိ   အချိန်နှင့် တစ်ပြေးညီ စာတန်းထိုး၍ ကြားဖြတ်အစီအစဉ်ဖြင့် မကြာခဏထုတ်လွှင့်ပေးမှုရှိကြောင်း၊     နိုင်ငံပိုင် မီဒီယာအပြင်  တက်ရောက်လာကြသည့် မီဒီယာ များအနေဖြင့်လည်း  ပြည်သူလူထုကို  အသိပေး၊ သတိပေးရန် လိုအပ်သကဲ့သို့  ပြည်သူလူထုအနေ ဖြင့်လည်း မုန်တိုင်းသတင်းများ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာသတင်းများနှင့်ပတ်သက်၍      အမြဲနားစွင့် မိနေရန်၊ သတိရှိရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ    အဖွဲ့အစည်းများ၏  သတိပေးချက်၊    ကြိုတင် ကာကွယ်မှုများကို      လိုက်နာဆောင်ရွက်ပေးရန် ပြောလိုပါကြောင်း။

 


မုန်တိုင်းသတိပေးချက်များ     ထုတ်ပြန်သည့် နေရာတွင်  ပြည်သူများအနေဖြင့်   မုန်တိုင်း၏ တည်နေရာနှင့်      မိမိနေထိုင်ရာအကွာအဝေး၊ မုန်တိုင်း၏  ရွေ့လျားရာလမ်းကြောင်းနှင့်   မိမိ နေထိုင်ရာအကွာအဝေး၊   မုန်တိုင်းအမျိုးအစား၊ မုန်တိုင်းဖြတ်ကျော်မည့်  ခန့်မှန်းဒေသနှင့် မိမိတို့နေထိုင်ရာအကွာအဝေးတို့ကို သတိပြုရန်လိုအပ် မည်ဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ        နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့် မုန်တိုင်းသတင်းများနှင့် ပတ်သက်ပြီးဖြစ်စေ၊   သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီးဖြစ်စေ ထုတ်လွှင့်ရာတွင် မီဒီယာများ ကိုလည်း    လမ်းညွှန်မှာကြားထားပါကြောင်း၊ ထုတ်လွှင့်ရာတွင်    ပါးစပ်က   ပြောသွားခြင်းမျိုး၊ စာတန်းထိုးဖော်ပြခြင်းမျိုးမဟုတ်ဘဲ     မုန်တိုင်း ရောက်နေသည့်နေရာ၊ ဖြတ်ကျော်နိုင်သည့်နေရာ တို့ကို ပြည်သူလူထုအားလုံးသိရှိနိုင်စေမည့် မြေပုံ မျိုး၊  ပြည်သူလူထုအားလုံး   သတိပြုနိုင်စေမည့် အချက်အလက်မျိုးများနှင့်     ထုတ်ပြန်ပေးရန် လုပ်ဆောင်နေကြောင်း၊ ထို့ကြောင့် နိုင်ငံပိုင်မီဒီယာ များရော ပုဂ္ဂလိကပိုင် မီဒီယာများကိုပါ ဖြန့်ဝေပြီး ထုတ်ဝေပေးလျက်ရှိပါကြောင်း။

 


ပြီးခဲ့သည့် မေ ၂၀  ရက်တွင် လေပြင်းမုန်တိုင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ၊ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဒေသ  အချို့ တို့တွင်    အချိန်မီသတိပေးနိုင်မှုနှင့်     ကာကွယ် စောင့်ရှောက်ပေးနိုင်မှုများရှိခဲ့ပါကြောင်း၊ ပြည်နယ် အစိုးရ၏   မှန်ကန်သည့်စုဖွဲ့မှု၊     ကောင်းမွန်သည့် ဇာတ်တိုက်လေ့ကျင့်မှု၊  ပြည်သူများ၏ ပူးပေါင်းပါဝင်မှု  ဖြင့်   ၂၄  နာရီအတွင်းဖြစ်ပေါ်ခဲ့သည့်   ပြဿနာ အခက်အခဲများကို ဖြေရှင်းပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကယ်ဆယ်ရေး ဆောင်ရွက်ရာတွင် အစိုးရအနေဖြင့်      “အသက်ရှင်ကျန်ရစ်သူတိုင်း ရှင်သန်ရပ်တည်နိုင်ရမည်” ဆိုသည့်  ဆောင်ပုဒ်နှင့် အညီ  နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊      အစိုးရ အနေဖြင့်  သဘာဝဘေး အန္တရာယ်သင့်ပြည်သူများကို  ထောက်ပံ့မှုများ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန် နေပြည်တော်ကောင်စီနှင့်      တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင်  ကယ်ဆယ်ရေးပစ္စည်း သိုလောင်ရုံ စုစုပေါင်း ၁၃၄   ခု   ဖွင့်လှစ်ထားရှိပြီး     ကယ်ဆယ်ရေးပစ္စည်းများကို သတ်မှတ်အိမ်ထောင်စုများအတိုင်း          အဆင့်ဆင့် အဆင်သင့်               သိုလောင်ထားရှိပါကြောင်း၊                သဘာဝဘေးအန္တရာယ်              ကျရောက်လာပါက     အရေးပေါ်ခိုလှုံရန်နေရာများအဖြစ်   ဘေးဒဏ်ခံ  အဆောက်အအုံ  (Shelter)  များကို တိုင်းဒေသကြီး/ ပြည်နယ်  ၁၁   ခုတွင်  တည်ဆောက်ထားရှိရာ  စုစုပေါင်း ၂၁၉ လုံး တည်ဆောက်ပြီးဖြစ်ပြီး ၂၃ လုံး မှာ      တည်ဆောက်ဆဲဖြစ်ကြောင်း၊     သဘာဝ ဘေးဖြစ်ပွားချိန်တွင်           ရှာဖွေကယ်ဆယ်ရေး၊ ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်းအပါအဝင် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများတွင်        အသုံးပြုနိုင်ရန် အတွက်   စက်လှေ၊    အသက်ကယ်အင်္ကျီများကို လည်း  တိုင်းဒေသကြီး/   ပြည်နယ်များအလိုက် လိုအပ်ချက်ပေါ်မူတည်ပြီး  ကြိုတင်ဖြန့်ခွဲထားရှိ ပါကြောင်း၊  ၂၀၂၂ ခုနှစ်  မေလအထိ  စုစုပေါင်း စက်လှေ ၄၉၆ စင်းကို   လိုအပ်သည့်နေရာများတွင် ဖြန့်ခွဲထားရှိပါကြောင်း၊ တပ်မတော်အနေဖြင့်လည်း သဘာဝဘေးအန္တရာယ်ကျရောက်ပါက       ကူညီ ဆောင်ရွက်နိုင်ရန်      ကြိုတင်ပြင်ဆင်ထားရှိပါ ကြောင်း၊ ယခင် တပ်မ‌တော် သတင်းစာရှင်းလင်းပွဲ များကတည်းကတိုင်    အားလုံးသိပြီးဖြစ်မည်ဖြစ်ကြောင်း။

 


အမြန်ဆုံးသွားရောက်ကူညီ


ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ယခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်စဉ်ကတည်းက   ၂၀၁၇    ခုနှစ်တွင် သဘာဝဘေးအန္တရာယ်နှင့်        ပတ်သက်ပြီး တပ်မတော်   တပ်ရင်း/ တပ်ဖွဲ့   အသီးသီးကို အပြီးသတ် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ်ကျရောက်လာပါက    တပ်မတော် တပ်ရင်း/ တပ်ဖွဲ့အသီးသီးအနေဖြင့် အမိန့်စောင့် စရာမလိုဘဲ သဘာဝဘေး အန္တရာယ်ကျရောက်သည့် နေရာတွင် မိမိတွင်ရှိသည့်အင်အားနှင့်   မိမိတွင် ရှိသည့် စွမ်းအားဖြင့် အမြန်ဆုံးသွားရောက် ကူညီ ရန်အတွက် အမိန့်ပေးပြီးဖြစ်ပါကြောင်း၊ ပြီးမှသာ ပြန်လည်တင်ပြခြင်းများ         ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊   အချိန်မီကူညီကယ်ဆယ်ရေး ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ဆောင်ရွက်ရမည့် ဌာန ဆိုင်ရာများ၊    စစ်ဘက်/ နယ်ဘက်တာဝန်ရှိသူများ အနေဖြင့်      အချိန်နှင့် တစ်ပြေးညီ  စီမံချက်ပါအတိုင်း ဆောင်ရွက်နိုင်ရေး လက်တွေ့ဇာတ်တိုက်လေ့ကျင့် မှုများရှိသကဲ့သို့ ပြည်သူများပါဝင်လာသည်အထိ         စည်းရုံး    ဆောင်ရွက်လျက်ရှိကြောင်းနှင့်     အဖွဲ့ အစည်းအားလုံး           လက်တွေ့မြေပြင်တွင်      သဘာဝဘေး  အန္တရာယ်ကာကွယ်ရေးအတွက် ညီညီညွတ်ညွတ်နှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း။    

 


  အထွေထွေအကြောင်းအရာများ


ဆက်လက်၍     အထွေထွေအကြောင်းအရာ များကို ပြောကြားသွားမည်ဖြစ်ကြောင်း၊ ပထမဆုံး အကြောင်းအရာအနေဖြင့် လူမှုကွန်ရက်စာမျက်နှာ များတွင်    ပျံ့နှံ့နေသည့်     မျောက်ကျောက်ရောဂါ အကြောင်းဖြစ်ပါကြောင်း၊ အသေးစိတ်သိရှိလိုပါက ကျန်းမာရေးဝန်ကြီးဌာနက ထပ်မံရှင်းပြမည်ဖြစ်ပါ ကြောင်း၊  မျောက်ကျောက်ရောဂါ  (Monkeypox)သည်   တိရစ္ဆာန်များမှ     လူကိုကူးစက်နိုင်သည့် ဗိုင်းရပ်စ်ရောဂါပိုး   (Orthopoxvirus)    ဖြစ်ပြီး ကျောက်ကြီးမျိုးနွယ်ဝင်    ရောဂါပိုးဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် မေ ၂၁ ရက်အထိ အာဖရိကဒေသ  ပြင်ပနိုင်ငံ ၁၂ နိုင်ငံတွင် အတည်ပြုလူနာ ၉၂ ဦးနှင့် သံသယ လူနာ ၂၈ ဦးရှိပြီး ရောဂါကြောင့် သေဆုံးသူမရှိသေး ဟု သိရှိရပါကြောင်း။

 


လူအချင်းချင်းကူးစက်မှုအနေနှင့် ရောဂါပိုးရှိ သူ၏ နှာရည်၊   ချွဲသလိပ်များ၊   အရေပြားထိခိုက် ဒဏ်ရာများမှတစ်ဆင့် ကူးစက်နိုင်သည်ဟု သိရပါ ကြောင်း၊  ရောဂါလက္ခဏာများအနေဖြင့်  အဆင့် နှစ်ဆင့်ရှိပါကြောင်း၊ ပထမအဆင့်တွင် အဖျားကြီး ခြင်း၊ ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်း၊ ရောင်ရမ်း ခြင်းများဖြစ်တတ်ပါကြောင်း၊ ဒုတိယအဆင့်အနေ ဖြင့် ဖျားပြီး တစ်ရက်မှ သုံးရက်အကြာတွင် အရေပြား ပေါ်တွင် အနီကွက်များနှင့် အဖုအပိမ့်များထွက်ပေါ် လာတတ်ပါကြောင်း၊ ကိုယ်ခန္ဓာအတွင်း ရောဂါပိုး စတင်ဝင်ရောက်ချိန်မှ ရောဂါလက္ခဏာပြသည့်အထိ ခြောက်ရက်မှ ၁၃  ရက်ခန့်အထိ  ကြာမြင့်နိုင်ပါ ကြောင်း၊ ရောဂါလက္ခဏာများသည် ယေဘုယျအား ဖြင့် နှစ်ပတ်မှ   ခြောက်ပတ်ခန့်အထိ    ကြာမြင့် ပြီးနောက်     သဘာဝအလျောက်ပျောက်ကင်းနိုင် သည်ဟု သိရပါကြောင်း၊ မြန်မာနိုင်ငံ၌ဖြစ်ပွားလေ့ရှိသည့် ရေကျောက်ရောဂါသည် မျောက်ကျောက် ရောဂါနှင့် သဘောသဘာဝချင်းမတူညီသလို ရောဂါ လက္ခဏာလည်းကွဲပြားပါကြောင်း၊     ထို့ကြောင့် အရေပြားပေါ်တွင်     အဖုအပိမ့်များထွက်ရာတွင် အားလုံးကို  မျောက်ကျောက်ရောဂါဟု ထင်မှတ် မှားပြီး အလွန်စိုးရိမ်မနေဘဲ   နီးစပ်ရာ   ဆေးရုံ/ ဆေးခန်းများကို သတင်းပို့ပြီး စစ်ဆေးကုသမှုခံယူ ရန်   လိုအပ်ကြောင်းကို   ပြည်သူလူထုကို   ဦးစွာ အသိပေးလိုပါကြောင်း။

 


မျောက်ကျောက်ရောဂါ


မျောက်ကျောက်ရောဂါသည် ကိုဗစ်-၁၉ ရောဂါ ကဲ့သို့ ကမ္ဘာ့ကပ်ရောဂါအသွင် ပြန့်ပွားနိုင်ခြေနည်း ပါးသော်လည်း ရောဂါပိုးသယ်ဆောင်သူမှတစ်ဆင့် ၎င်းနှင့် ထိတွေ့မိသည့်လူများတွင် ကူးစက်နိုင်ခြေ များသည့်အတွက် ရောဂါကာကွယ်ရေး နည်းလမ်း များကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီး သတိပြုလိုက်နာရန်လိုပါကြောင်း၊      ယခင် ကာကွယ်ရေးနည်းလမ်းများသာဖြစ်ပြီး ခက်ခဲသည့် နည်းလမ်းများမဟုတ်ကြောင်း၊ အသားစိမ်းများကို ကျက်အောင်ချက်ပြုတ်ပြီးမှစားရန်၊      တောရိုင်း တိရစ္ဆာန်များနှင့် အကာအကွယ်မရှိဘဲ မထိတွေ့ရန်၊ တိရစ္ဆာန်များကို   ထိတွေ့မှုရှိခဲ့လျှင်    လက်ကို ဆပ်ပြာဖြင့် ဆေးကြောရန်၊ သံသယဖြစ်ဖွယ် လူနာ များနှင့် ထိတွေ့ပါက Alcohol ပါဝင်သည့် လက်သန့် ဆေးရည်များနှင့် စနစ်တကျ ဆေးကြောရန်လိုအပ် ပါကြောင်း၊ သံသယဖြစ်ဖွယ်လက္ခဏာ ခံစားရပါက အခြားသူများနှင့်  ထိတွေ့မှုမရှိစေရန် ဂရုပြုနေထိုင် ရမည်ဖြစ်ပြီး  နီးစပ်ရာဆေးရုံ/   ဆေးခန်းများကို အမြန်ဆုံးသွားရောက်ပြသကာ    စစ်ဆေးကုသမှု ခံယူကြရမည်ဖြစ်ကြောင်း၊ မိဘပြည်သူများ အနေ ဖြင့် မျောက်ကျောက်ရောဂါနှင့် ပတ်သက်၍  အလွန် အမင်း    စိုးရိမ်စရာမလိုဘဲ       ရိုးရှင်းသည့်ရောဂါ ကာကွယ်ရေးနည်းလမ်းများကို သတိပြုလိုက်နာ ကြရန်နှင့် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိနှင့် နေထိုင်သွားကြရန် လိုအပ်ကြောင်း။

 


၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဆိုင်ရာကိစ္စရပ်များ


၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပြောလိုပါကြောင်း၊ ပြီးခဲ့သည့် (၁၄) ကြိမ်မြောက်     သတင်းစာရှင်းလင်းပွဲတွင်လည်း တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ ယင်းပညာသင်နှစ်အတွက် အစိုးရ၊    ကျောင်းသားမိဘနှင့်    ကျောင်းသား ကျောင်းသူများက များစွာမျှော်လင့်မှုရှိပါကြောင်း၊  အစိုးရပိုင်းအနေဖြင့်      ပညာသင်နှစ်အစတွင် ကျောင်းဥပဓိရုပ်ရှိစေရေးအတွက်  မြို့နယ်အဆင့် အထိ   ဌာနဆိုင်ရာများ     ပူးပေါင်းဆောင်ရွက်ခဲ့ပါ ကြောင်း၊   တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မေ ၂၆  ရက်မှ  ဇွန်  ၁ ရက်အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းအပ်နှံရေးဆောင်ရွက်သည့်အခါ     မိမိတို့ အနေဖြင့်      ကျောင်းအပ်နှံသည့်    စာရင်းများနှင့် ပတ်သက်ပြီး တွက်ချက်သည့်နေရာတွင် ယမန်နှစ် က   ကျောင်းအပ်နှံမှုစာရင်းဖြင့်  တွက်ချက်ရပါ ကြောင်း၊   ထိုသို့   တွက်ချက်ရသည်မှာ   တန်းစဉ် ကူးပြောင်းမှုများရှိပါကြောင်း။

 


လွယ်လွယ်ပြောရမည်ဆိုပါက      ယခုနှစ် တစ်တန်းတက်သူသည်   လာမည့်နှစ်တွင် နှစ်တန်း တက်ရမည်ဖြစ်ပါကြောင်း၊ နှစ်တန်းတက်သူများက နောက်နှစ် သုံးတန်းတက်ရောက်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့်   ယင်းအပေါ်မူတည်ပြီး   ယခင်နှစ်က မည်မျှအပ်ခဲ့ကြောင်း၊ ယခုနှစ်တွင်  မည်မျှအပ်သည် ကို မူတည်ပြီး  တွက်ပါကြောင်း၊ ယခင်နှစ်အပ်နှံမှု ၅ ဒသမ  ၃ သန်းရှိပါကြောင်း၊ ယခုနှစ်တွင် မေ ၃၁ ရက်အထိ အပ်နှံပြီးသူ ၅ ဒသမ ၂ သန်းရှိပြီး ၉၉ ဒသမ ၂၄  ရာခိုင်နှုန်း အပ်နှံပြီးဖြစ်ပါကြောင်း၊ တိုင်း ဒေသကြီးနှင့်     ပြည်နယ်များတွင်   အပ်နှံမှုများ တွက်ချက်ရာတွင်လည်း ယခင်နှစ် အပ်နှံမှုကို အခြေခံပြီး    တွက်ချက်ရပါကြောင်း၊   တချို့တိုင်း ဒေသကြီး/  ပြည်နယ်အလိုက်  အပ်နှံမှုများကိုပြောလိုပါကြောင်း၊     ကချင်ပြည်နယ်တွင်စာရင်းရှိ ၁၈၅,၀၀၀   ဦးကျော်ဖြစ်ကြောင်း၊ ၃၁ ရက်အထိ ကျောင်းအပ်နှံမှုစာရင်း  ၁၈၇၀၀၀  ကျော်ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့်   ၁၀၁   ဒသမ  ၀၈  ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊  ကယားပြည်နယ်စာရင်းရှိ ယခင် နှစ်က ၅၁၈၁ ဦးဖြစ်ပါကြောင်း၊  ယခုနှစ်ကျောင်း အပ်နှံမှု ၁၂၂၂၄ ဦးဖြစ်ပြီး ၂၃၅ ဒသမ ၉၄ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊   ကရင်ပြည်နယ်တွင်  စာရင်းရှိ ၁၅၆၀၀၀ ကျော်ဖြစ်ပါကြောင်း၊ ယခုနှစ် ကျောင်း အပ်နှံမှုစာရင်း ၂၁၁၀၀၀ ကျော်ဖြစ်ပြီး ၁၃၅ ဒသမ ၄၁ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊   ချင်းပြည်နယ်တွင် ယခင်နှစ်က ၃၂၉၀၄ ဦးဖြစ်ပါကြောင်း၊ ယခုနှစ် ကျောင်းအပ်နှံမှု ၂၂၀၄၃ ဦးဖြစ်ပြီး ၆၆ ဒသမ ၉၉ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး တွင်  ယခင်နှစ်က  ၂၇၉၇၃၅ ဦးဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ၁၃၈၀၀၀ ကျော်ဖြစ်ပြီး ၄၉ ဒသမ ၄၅ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး ယခင်နှစ်က ၃၅၃၀၀၀ ကျော် ဖြစ်ပါကြောင်း၊ ယခု နှစ် ၃၅၅၀၀၀ ကျော်ဖြစ်ပြီး ၁၀၀ ဒသမ ၅၄ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ယခင် နှစ်က  ၅၈၇၀၀၀  ကျော်ဖြစ်ပါကြောင်း၊ ယခုနှစ် ၆၉၆၀၀၀ ကျော်ဖြစ်ပြီး ၁၁၈ ဒသမ ၅၆ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ယခင် နှစ်က ၈၃၃၀၀၀ ကျော်ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ၉၁၇၀၀၀ ကျော်ဖြစ်ပြီး ၁၁၀ ဒသမ ၁၂ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ လက်ရှိအနေအထားအရ  ဧရာဝတီ တိုင်းဒေသကြီးတွင် ကျောင်းအပ်နှံမှုအများဆုံးမှာ ၉၁၇၇၂၇ ဦးဖြင့် ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်တွင် အနည်းဆုံးဖြစ်ပြီး ၂၂၀၀၀ ကျော်သာ ကျောင်းအပ်နှံ နိုင်ပါကြောင်း။

 


ကျောင်းနေအရွယ်       ကလေးငယ်များနှင့် ပတ်သက်ပြီး    အားလုံးကျောင်းနေနိုင်ရေး လုပ်ငန်း များကို   အစိုးရနှင့်တာဝန်ရှိသူများက   ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်           ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း (KG+9) (အခြေခံပညာအလယ်တန်း) အဆင့် ပြီးဆုံး သည့်အထိ ပညာသင်ကြားနိုင်ရန် ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊      (KG+9) ပြီးဆုံးသည့်အခါ      အသက်မွေးဝမ်းကျောင်းပညာ သင်ကြားသည့်ကျောင်းများကို       ဆက်လက် တက်ရောက်နိုင်ပြီး      လုပ်ငန်းခွင်ဝင်ရောက်နိုင်မည် ဖြစ်သကဲ့သို့   သတ်မှတ်သည့်   အရည်အချင်းပြည့် မီပါက  အဆင့်မြင့်ပညာများ ဆက်လက်သင်ယူ နိုင်မည်ဖြစ်ကြောင်း၊ ပညာသင်ယူခွင့် အခွင့်အလမ်း များ    ဆုံးရှုံးနစ်နာမှုမရှိစေရေးနှင့်   ကျောင်းသား၊ ကျောင်းသူများ     ပညာသင်ယူခွင့်ရရှိရေးအတွက် ကျောင်းအပ်နှံရေး ဆောင်ရွက်မှုသည် ကျောင်းသား တစ်ဦး ပညာတတ်မြောက်ရေး၏ ကနဦးခြေလှမ်း ပင်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်း အပ်နှံရေး လှုပ်ရှားဆောင်ရွက်မှု‌များကို ပုံများဖြင့် ဖော်ပြထားပါကြောင်း၊      တက်ရောက်လာသည့် မီဒီယာသမားများအနေဖြင့်       မိဘတစ်ဦးနေရာမှ ခံစားကြည့်စေလိုပါကြောင်း၊ ကျောင်းသားများ တက်ကြွသလို     မိဘများလည်းကြည်နူးတက်ကြွ နေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။


(ဆက်လက်ဖော်ပြပါမည်)