သတ္တုဓာတ်များသည် ပမာဏအနည်းငယ်သာအသုံးပြုရပြီး သက်ရှိသတ္တဝါအားလုံးအတွက် မရှိမဖြစ်လိုအပ်သော အဓိကအခန်းကဏ္ဍမှပါဝင်သည့် အာဟာရဓာတ်များဖြစ်ပါသည်။ ရေသတ္တဝါများအတွက် သတ္တုဓာတ်လိုအပ်ချက်သုတေသနပြုမှု သတင်းအချက်အလက်များရရှိမှုသည် ကုန်းသတ္တဝါများနှင့် နှိုင်းယှဉ်လျှင် နည်းပါးလှပါသည်။ ရေသတ္တဝါများသည် အစာနှင့်ရေမှ မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်များကို ရရှိနိုင်ပါသည်။ သို့ရာတွင် သတ္တုဓာတ်တစ်မျိုးစီ၏ အရေအတွက် လိုအပ်ချက်များသည် ရေနေသတ္တဝါမျိုးစိတ်များအပေါ် မူတည်၍ ကွဲပြားခြားနားပါသည်။ အဓိကအားဖြင့် အမြင့်ဆုံးလိုအပ်ချက်အုပ်စု(Macro minerals)နှင့် အနိမ့်ဆုံး လိုအပ်ချက်အုပ်စု (Trace minerals)ဟူ၍ နှစ်မျိုးခွဲခြားထားပါသည်။ အမြင့်ဆုံးလိုအပ်ချက် အုပ်စုသည် အရိုး၊ အသား၊ တစ်သျှူးများဖြစ်တည်မှုနှင့် ဖွံ့ဖြိုးမှုအတွက် အဓိကလိုအပ်ပါသည်။ အနိမ့်ဆုံးလိုအပ်ချက်အုပ်စုအနေဖြင့် ဟော်မုန်းနှင့် အင်ဇိုင်းထုတ်အင်္ဂါအဖွဲ့အစည်းများအတွက် အဓိကလိုအပ်ပါသည်။