နွေကံ့ကော် (မြို့လှ)
လာမည့် ၂၀၂၃ ခုနှစ်တွင် ကျွန်ုပ်တို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ စိန်ရတုလွတ်လပ်ရေးကာလကို ရောက်ရှိပေတော့မည်။ တကယ်တော့ (၇၅) နှစ်စိန်ရတုတည်းဟူသော ကာလတစ်ခုသည် နည်းလှသောသက်တမ်းတစ်ခုတော့မဟုတ်ပေ။ နယ်ချဲ့တို့အုပ်စိုးမှုအောက်၌ နေခဲ့ရစဉ် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်းကိုယ်နှင့်စိတ်များ ထွက်ပေါက်မရသည်အထိ တိုင်းရင်းသားပြည်သူတို့ မွန်းကျပ်ခဲ့ရသည်။ ကိုယ့်မြေကိုယ့်ရေပေါ်မှာနေပါလျက် အစားဆင်းရဲ၊ အဝတ်ဆင်းရဲ၊ အနေဆင်းရဲခြင်း မျိုးစုံဖြင့်ဆင်းရဲမှုအပေါင်းသရဖူဆောင်းသည် အထိဖြစ်ခဲ့ရသည်။ ထိုဆင်းရဲမှုမျိုးစုံမှ လွတ်ကင်းရန်အတွက် လွတ်လပ်ရေးကြီးပြန်လည်ရရှိအောင် တက်ကုန်ရွက်စုံလွှင့်ပြီး နည်းလမ်းရှာဖွေကြိုးစားခဲ့ကြသည်။ နယ်ချဲ့ဗြိတိသျှများအနေဖြင့် လွတ်လပ် ရေးပေးချိန်တွင်လည်း တောင်တန်းနှင့်ပြည်မခွဲခြားပေးလိုခဲ့ကြ၏။ သို့သော် တောင်တန်းဒေသမှစော်ဘွားများက လက်မခံခဲ့ကြပေ။ ပေးဆပ်မှုများနှင့်ထိုက်တန်စွာ လွတ်လပ်ရေးကြီး ပြန်လည်ရရှိခဲ့သော်လည်း နယ်ချဲ့တို့၏ စနစ်ကျကျယုတ်မာမှုလှည့်ကွက်အောက်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲခြင်းဟူသော ချိန်ကိုက်ဗုံးကြီးက ကျန်ရစ်ခဲ့ရသည်။ အထူးသဖြင့် တောင်တန်းပြည်မခွဲခြားဆက်ဆံမှုကို ရေရှည်ခိုင်မြဲအောင် အသက်သွင်းပေးခဲ့ခြင်းပင်ဖြစ်၏။