Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း

ဒီနေ့ ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ ပြည်သူတွေကို တင်ပြရခြင်းမှာ အရေးအကြီးဆုံးကိစ္စ က Stay at Home မြို့နယ်တွေ ကြေညာထားတာ မပြီးပြတ်သေးဘူးဆိုတာကို သတိပေး ချင်ပါတယ်။ အထူးသဖြင့် ရန်ကုန်မှာပေါ့။ ရန်ကုန်မှာရှိတဲ့ တချို့စက်ရုံ၊ အလုပ်ရုံတွေ၊ နိုင်ငံရဲ့ ရေရှည်စီးပွားရေး အတွက် အရေးကြီးတဲ့ စက်ရုံ၊ အလုပ်ရုံတွေ ပြန်ပြီးတော့ လည်ပတ်နိုင်ဖို့ စည်းမျဉ်း၊ စည်းကမ်းတွေသတ်မှတ်ပြီးတော့ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီရင် ပြန်ပြီး လည်ပတ်နိုင်တယ် ဆိုတာကို ခွင့်ပြုလိုက်လို့ တချို့က  Stay at Home လွတ်သွားပြီလို့ ထင်ကြပါတယ်။

Stay at Home က အခုထက်ထိ တည်ဆဲပါပဲ။ စည်းမျဉ်းစည်းကမ်းတွေက တည်ဆဲပါ ပဲ။ သည်းညည်းခံပြီး ဆက်ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း နေပါလို့ မေတ္တာရပ်ခံပါ ရစေ။ ရန်ကုန်မှာဆိုရင် အခု ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး စပြီးတော့ထိန်းနိုင်ပါပြီ။ စရုံပဲရှိပါ သေးတယ်။ ထိန်းနိုင်သွားပြီလို့ ပြောတာမဟုတ်ပါဘူး။ စပြီးတော့ထိန်းနိုင်ပါပြီဆိုတာ ဘယ်လို ပြောချင်တာလဲ ဆိုတော့ အရင်အမြင့်ဆုံးအဆင့်ကနေကျလာပြီ။ သို့သော်လည်း အတက် အကျကတော့ ရှိသေး တာပဲ။ လုံးဝဆက်ပြီးတော့ ကျတာမဟုတ်ပါဘူး။ ကျလိုက်၊ နည်းနည်း တက်လိုက်၊ နည်းနည်း ကျလိုက်၊ တက်လိုက်ပေါ့။ အဲဒီတော့ စပြီးတော့ ထိန်းလို့ ရပြီလို့ပြော နိုင်ပါတယ်။ ဒါပေမယ့် တကယ်ကိုပိုင်ပိုင်နိုင်နိုင် ထိန်းနိုင်ဖို့ဆိုရင် ဆက်ပြီးတော့လုပ်ရအုံး မယ်။

ဆက်ပြီး‌တော့လုပ်ရအုံးမယ်ဆိုတော့ ပြည်သူတွေစိတ်ထဲက နည်းနည်း စိတ်ပင်ပန်း လားမသိဘူး။ ဒါပေမယ့် သည်းခံရမယ်၊ တောင့်ခံရမယ်။ တောင့်ခံရမယ်ဆိုတာ တစ်ကမ္ဘာလုံး မှာ ဒီလိုဖြစ်နေတာ။ တချို့နိုင်ငံတွေမှာဆိုရင် တတိယလှိုင်းလို့တောင် ခေါ်ရလောက်‌အောင် တော်တော်များများ၊ ကျယ် ကျယ်ပြန့်ပြန့် ရောဂါပိုးတွေ တွေ့နေတာတွေ ရှိပါတယ်။ ဒီနိုင်ငံ အခြေအနေက အဆိုးဆုံးထဲမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အကောင်းဆုံးထဲမှာလည်း မဟုတ် ဘူး။ ၈ လပိုင်းမတိုင်ခင်တုန်းက အခြေအနေအကောင်းဆုံး နိုင်ငံတွေထဲမှာလို့ ပြောလို့ရတယ်။ အခုအချိန်မှာတော့ ပြောလို့မရဘူး။ ဒါပေမယ့်လည်း အခုစပြီး ထိန်းနိုင်ပြီဆိုရင်တောင် အများ ကြီးတိုးတက်မှုလို့ ပြောလို့ရပါတယ်။

အခု တစ်နိုင်ငံလုံးမှာ အရေအတွက်အရရော၊ ရာခိုင်နှုန်းအရရော ကြည့်လိုက်ရင် အပေါ် ဆုံးက ရန်ကုန်တိုင်းဒေသကြီးပါပဲ။ ရန်ကုန်တိုင်းဒေသကြီးပြီးတော့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူး တိုင်း ဒေသကြီး ပြီးရင် ရခိုင်ပြည်နယ်၊ ရခိုင်ပြည်နယ်ပြီးတော့ မန္တလေးတိုင်းဒေသကြီးပါ။ ဒါပေမယ့် မန္တလေးတိုင်းဒေသကြီးက ရာခိုင်နှုန်းအရဆိုရင် နံပါတ် ၄ မချိတ်ပါဘူး။ အရေ အတွက် အရဖြစ် တယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ် ကတော့ ရာခိုင်နှုန်းအရရော၊ အရေအတွက်အရရော များတဲ့ဘက်မှာပါပါတယ်။ ဒါကြောင့် ရန်ကုန် တိုင်းဒေသကြီးကပြည်သူ တွေက ဆက်ပြီးသတိထားရမယ်။ ပဲခူးတိုင်းဒေသကြီးက ပြည်သူ တွေကလည်း ဆက်ပြီးတော့ သတိထားရမယ်။ ရခိုင်ပြည်နယ်ကပြည်သူတွေ ကလည်း ဆက်ပြီးတော့ သတိထားရမှာ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါက အချိန်ကြာလာတာနဲ့ အမျှ ပြည်သူတွေရဲ့ဘဝတွေ အကြပ်အတည်း တွေရှိလာတယ် ဆိုတာ ကျွန်မတို့ သဘောပေါက်ပါတယ်။ ဒါကြောင့် ပြည်သူတွေကို ဘယ်လို ပံ့ပိုးရမလဲ။ နောက်ထပ် တစ်ကျော့ စပြီးတော့ ပံ့ပိုးဖို့ကို ကျွန်မတို့ အစီအစဉ် တွေချမှတ် နေပါတယ်။ အစီအစဉ်တွေ ချမှတ်ပြီး တာနဲ့ ပြည်သူတွေကို အသိပေးပါမယ်။ အဘက်ဘက်က ပြည့်ပြည့်စုံစုံ ၁၀၀ ရာခိုင်နှုန်း မလုပ်ပေးနိုင်တာကိုလည်း စိတ်မကောင်း ပါဘူး။ ဒါပေမယ့် တတ်နိုင်သမျှတော့ ကျွန်မတို့ လုပ်ပေးပါမယ်။ ဒါကို အမြန်ဆုံးလည်း လုပ်ပေးပါမယ်။ ဒါကတော့ စီးပွားရေးဘက် ကပေါ့။ ကျန်းမာရေးဘက်မှာလည်း တချို့နေရာတွေမှာဆိုရင် မပြေလည် တာတွေရှိတယ်ဆိုပြီး ကြားရပါတယ်။ ဥပမာဆိုရင် ချက်ချင်း Quarantine ဝင်မယ့် သူတွေကို Quarantine ဝင်နိုင်ဖို့ အတွက် အစီအစဉ် တွေမလုပ်ပေးနိုင်တာတွေ၊ ဆေးရုံတက်ဖို့ မလုပ်ပေးနိုင်တာတွေ၊ အဲဒါတွေကို လည်း ကျွန်မတို့ စဉ်းစားပြီးတော့ ပိုပြီးမြန်မြန် ဆန်ဆန် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ Quarantine ဝင်သင့်တဲ့သူတွေကို မြန်မြန်ဆန်ဆန် ဝင်နိုင်အောင်လို့၊ နောက်ပြီး ဆေးရုံတက်သင့်တဲ့သူတွေ မြန်မြန်ဆန်ဆန် တက်နိုင်အောင်လို့လည်း အစီအစဉ်အသစ်တွေ လုပ်ပေးနေပါတယ်။ လုပ်လည်းလုပ်နေပါ တယ်။

ဥပမာဆိုရင် အားလုံး တိုင်းဒေသကြီးအဆင့်က မဟုတ်ဘဲ တချို့ကိစ္စတွေကို မြို့နယ် အဆင့်ကနေပြီး ဆုံးဖြတ်နိုင်အောင်လို့ အစီအစဉ်အသစ် တွေလုပ်ပါမယ်။ မြို့နယ်အဆင့် ကနေ ဆုံးဖြတ်နိုင်ရင် ပိုပြီး‌တော့ မြန်မြန်ဆန်ဆန် Quarantine ပို့တဲ့ကိစ္စမျိုးကို ဆောင်ရွက် နိုင်မှာ ဖြစ်တယ်။ ဒါကတော့ အခုလောလောဆယ် Quarantine ဝင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောခြင်း ဖြစ်တယ်။ ရေရှည်မှာ အခြေအနေဘယ်လိုရှိမလဲဆိုတာလည်း ပြည်သူတွေက သိချင်မှာပဲ။ ရေရှည်မှာ အခြေအနေဘယ်လိုရှိမလဲဆိုတာကတော့ ကျွန်မတို့လည်း သေသေ ချာချာ တိတိကျကျ တော့ ပြောလို့မရသေးပါဘူး။ သို့သော်လည်း အရင်လည်း ကျွန်မပြောပြီး ပါပြီ။

အခုဆိုရင် လိုအပ်တဲ့ဆေးတွေရော၊ ကာကွယ်ဆေးပေါ်တယ်ဆိုတာနဲ့ ဒီကာကွယ် ဆေးကို သုံးနိုင်ဖို့ ရော၊ ကာကွယ်ဆေးထုတ်ဖို့ အစီအစဉ်ရှိတဲ့ နိုင်ငံတွေဖြစ် တဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ဆက်သွယ်ပြီးတော့ အခုကတည်းက ပူးပေါင်းဆောင် ရွက်နေပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ရရင် မြန်မြန်ဆန်ဆန်နဲ့ ကျွန်မတို့ပြည်သူတွေ သုံးနိုင်မှာ ဖြစ်ပါ တယ်။

ကာကွယ်ဆေးနဲ့ပတ်သက်လို့ ပညာရှင်တွေက အမျိုးမျိုး ပြောနေကြတယ်ဆိုတာ အချို့ပြည်သူတွေ လည်း သိမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် တချို့ပညာရှင်တွေ ကဘယ်လို ပြောလဲဆိုတော့ ကာကွယ်ဆေးတွေပေါ်တယ်ဆိုရင် ကာကွယ်ဆေးတွေဟာ ၁၀၀ ရာခိုင်နှုန်း အာမခံချက်မရှိဘူး။ ကျန်းမာရေး အခြေခံကောင်းတဲ့သူတွေ အတွက်ပိုပြီးတော့ ထိရောက်မယ် လို့ဆိုပါတယ်။ ဒါကတော့ ဘယ်အခြေအနေမှာမဆို မှန်တယ်လို့ ပြောရမှာပေါ့။ အခြေခံ ကျန်းမာရေး ကောင်းရင် ဘယ်ရောဂါ တွေဖြစ်ဖြစ် ပိုပြီးတော့ ကိုယ်က ခိုင်ခိုင်မာမာနဲ့ ရင်ဆိုင် နိုင်မယ်။ ပိုပြီးတော့ ကျော်လွှားနိုင်မယ်။         ဒါကြောင့် ပြည်သူတွေဟာ အခုကိုဗစ်ကာလ အချိန်မှာ ကျန်းမာရေးပညာရှိအောင် လေ့လာ စေချင်ပါတယ်။

ဒါဟာ တစ်ပတ်နှစ်ခါ အစီအစဉ်ပေါ့။ ကျန်းမာရေးပညာရှင်ကြီးတွေ၊ ဆရာဝန်ကြီးတွေ၊ သမားတော် ကြီးတွေကို မေးတာမြန်းတာ အဲဒီအစီအစဉ်မှာ ထည့်ပြီးတော့ မေးမြန်းလို့လည်း ရပါတယ်။ အချိန်ရှိနေတဲ့အခါမှာ ကိုယ့်ဖုန်းကနေတစ်ဆင့် ကျန်းမာရေးပညာတွေကို လိုက်စား လေ့လာတာ တွေရှိနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာက အွန်လိုင်းမှာတက်တဲ့ ကျန်းမာ ရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တိုင်းဟာ မှန်တာမဟုတ်ဘူးဆိုတာ ပြည်သူတွေ သိဖို့လိုပါ တယ်။ ကုလသမဂ္ဂက တောင်မှ ဒီဟာကို အသိအမှတ်ပြုပြီးတော့ မမှန်ကန်တဲ့အချက်အလက် တွေကို ကမ္ဘာသူ ကမ္ဘာသား တွေက ယုံကြည်ပြီးတော့ လိုက်နာမယ့်အန္တရာယ်ကို ကာကွယ်ဖို့ လိုတယ်ဆိုတာ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်း မာရေးနဲ့ပတ်သက်လို့ မမှန်ကန်တဲ့ ဗဟုသုတတွေ မမှန်ကန်တဲ့ အချက်အလက်တွေကို ဖြန့်လိုက်ရင် ဒီဟာတွေကို ယုံကြည်ပြီး လုပ်ရင် ယုံကြည်ပြီးလုပ်တဲ့ သူတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဥပမာ တချို့ကဆိုရင် လွယ်လွယ်ကူကူပဲ ဒီဟာလေးစား လိုက်ရင် ကိုဗစ်မဖြစ် တော့ ဘူး။  ဒီလိုလေး နေလိုက်ရင် မဖြစ်တော့ဘူးဆိုတာ အဲဒီလို ၁၀၀ ရာခိုင်နှုန်း အာမခံချက်ပေးနိုင်တဲ့ နည်းတွေ အခုထိ မရှိသေးပါဘူး။ စောစောကပြောသလို တချို့ ပညာရှင်တွေကတောင် ကာကွယ်ဆေးထိုးတယ် ဆိုရင်တောင်မှ ၁၀၀ ရာခိုင်နှုန်း အကာအကွယ်ရှိ ချင်မှရှိနိုင်မှာ အခုမပြောနိုင် သေးဘူးပေါ့။ ကာကွယ်ဆေးထုတ်တဲ့ အချိန်မှ ပိုပြီးတော့ တိတိကျကျ သိနိုင်မယ် ဆိုပြီးပြောနေတာ ရှိပါတယ်။

အခြေခံ ကျန်းမာရေးကောင်းဖို့ကို ကြိုးစားကြပါ။ အခြေခံကျန်းမာရေးကောင်းရင် ဘယ်ရောဂါကို မဆို ရင်ဆိုင်တဲ့နေရာမှာ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လို အခြေခံကျန်းမာ ရေးကောင်းအောင် နေရမယ် ဆိုတာသိချင်ရင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က ထုတ်ပြန်တဲ့ အချက်အလက်တွေ၊ သတင်းတွေကို ကြည့်စေချင်ပါတယ်။ သမား တော်ကြီးတွေ မေးမြန်းတဲ့အစီအစဉ်မှာ မေးမြန်းပါ။ ဘေးပြောတာတွေ၊ အရပ်ထဲက ပြောတာ တွေကိုမယုံပါနဲ့။ ဟိုဟာလေး လုပ်ရင်ရတယ်၊ ဒီဟာလေးလုပ်ရင်ရတယ်ဆိုပြီး လိုက်ပြီးမလုပ် ပါနဲ့။

အကယ်၍ စိတ်ထဲမှာ ဒါများဖြစ်နိုင်မလားဆိုတဲ့ အတွေးဝင်လာရင် အစီအစဉ်မှာ သမားတော်ကြီး တွေကို မေးလို့ရပါတယ်။ ဒီလိုလုပ်ချင်းအားဖြင့် ကိုဗစ်ရောဂါကို ကာကွယ် လို့ရမလား။ ကိုဗစ်ရောဂါ ပျောက်အောင် လုပ်လို့ရမလားဆိုတာ တွေကို မေးစေချင်ပါတယ်။ မေးတဲ့အခါမှ ကိုယ်ကအမှန် အတိုင်းသိရမှာပါ။

နောက်တစ်ခုကတော့ ရွေးကောက်ပွဲနဲ့ ကိုဗစ် အခြေအနေကို ကျွန်မတင်ပြချင်ပါတယ်။ နိုင်ငံခြားမှာ မဲပေးတဲ့ ပြည်သူတွေဟာ ၂၀၁၅ နဲ့စာရင် ၃ ဆလောက် တက်လာပါတယ်။ ၃ဆလောက်တက်လာ ပြီးတော့ သို့သော် အရင် ၂၀၁၅နဲ့စာရင် မဲပေးဖို့ စာရင်းထည့်ထားတဲ့ ပြည်သူတွေရဲ့ မဲပေးဖြစ်တဲ့ ရာခိုင်နှုန်းကတော့ ၂၀၁၅ နဲ့စာရင် ကျလာပါတယ်။ ၂၀၁၅ တုန်း ကဆိုရင် ၇၅ ရာခိုင်နှုန်းက မဲပေးဖြစ်တယ်။ အခုအချိန်မှာ တော့ ၆၉ ရာခိုင်နှုန်းက မဲပေးပါ တယ်။ သို့သော် ကိန်းဂဏန်းအရ အားလုံး စုပေါင်းလိုက်မယ်ဆိုရင် ၃ ဆလောက် ပိုပြီးတော့ မဲပေးပါတယ်။ အများက မဲပေးဖို့ လိုလားပြီးတော့ မဲဆန္ဒရှင်တွေကနေ နိုင်ငံခြား သံရုံးတွေမှာ ပုံစံ - ၁၅ တွေထုတ်ထားပေမယ့်လည်း မဲလာမပေးနိုင်တဲ့ ပြည်သူတွေရှိခဲ့ပါတယ်။ ဒါက အဓိက အားဖြင့် ကိုဗစ် ရဲ့အခက်အခဲကြောင့်လို့ ကျွန်မတို့ ထင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အစကတည်းက ပုံစံ - ၁၅ ထုတ်တယ်ဆိုတာ မဲပေးချင်တဲ့စိတ်ဆန္ဒရှိလို့ ထုတ်တယ်လို့ နားလည်ပါတယ်။ ဒါပေမယ့် တချို့နိုင်ငံတွေမှာဆိုရင် မဲသွားပေးဖို့ကို အခြေအနေ တော်တော် ခက်ခဲပါတယ်။

တချို့နိုင်ငံတွေမှာ မြို့ကြီးက လွဲလို့ တခြားနေရာတွေမှာ မဲရုံတွေထောင်ခွင့် မပေးဘူး ဆိုပြီး သတ်မှတ်ထားတာတွေ လည်းရှိပါတယ်။ အဲဒီလိုကြတော့ ကျွန်မတို့ပြည်သူတွေက လာရောက်မပေး နိုင်တဲ့အခါကျတော့လည်း ဒီမဲတွေကမပေးဖြစ်ဘူးပေါ့။ သို့သော် ၆၉ ရာခိုင်နှုန်းဆိုတာ အင်မတန်မှ မြင့်တဲ့ရာခိုင်နှုန်းပါ။ ၇၅ ရာခိုင်နှုန်းလောက်တော့ မမြင့်ဘူးပေါ့။ ကျွန်မတို့ရဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ရွေးကောက်ပွဲကို အလေးထားပြီး နိုင်ငံသူနိုင်ငံသားများ ရဲ့တာဝန် ကိုအလေး ထားပြီးတော့ ၆၉ ရာခိုင်နှုန်းက ကြိုတင်မဲတွေ ပေးပြီးပြီဆိုတာ သိရလို့ဝမ်းသာပါတယ်။

အခုရွေးကောက်ပွဲနီးလာတာနဲ့အမျှ ပြည်သူလူထု ဟာ ကိုဗစ် - ၁၉ အတွက်ထုတ်ထား တဲ့ စည်းမျဉ်းစည်းကမ်းဘောင်အတွင်း ကနေ နေဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ရွေး ကောက်ပွဲနီး လာ တာနဲ့အမျှ အောင်နိုင်ရေးနဲ့ ပတ်သက်လို့ လှုပ်ရှားနေတဲ့ ပါတီအသီးသီး ဟာ စည်းမျဉ်း စည်းကမ်းတွေကို သတိပြုပြီး လိုက်နာ စေချင်ပါတယ်။ ဒါဟာအများရဲ့ ကျန်းမာရေး အတွက်လည်း ဖြစ်တယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက်လည်းဖြစ်ပါ တယ်။ ဒါကြောင့် သည်းခံကြပါ။ အောင်နိုင်ရေးကို အင်တိုက်အားတိုက် လုပ်ချင်ကြတယ် ဆိုပေမယ့် အရေးကြီးတာက တော့ ၈ ရက်နေ့ကျရင် အင်တိုက်အားတိုက် မဲပေးနိုင်ဖို့ပဲ ဖြစ်ပါ တယ်။ ကြိုတင်မဲပေးခွင့်ရှိသ တွေကလည်း ၈ ရက်နေ့ မတိုင်ခင်စပြီး မဲပေးနိုင်ပါတယ်။ ဒါကြောင့် မဲပေးဖို့အတွက် ကိုယ့်ရဲ့ အင်အားတွေကို စုထားပါ။ အောင်နိုင်ရေးအတွက် ပါတီ တိုင်းက သူတို့ရဲ့တာဝန်အရ စည်းမျဉ်း စည်းကမ်းဘောင်အတွင်းက လုပ်သင့်လုပ်ထိုက်တာ တော့လုပ်ရမှာပေါ့။ ကျွန်မတို့ပြည်သူတွေက ကိုယ်ထောက်ခံတဲ့ပါတီကို ဝန်းရံတဲ့ နေရာမှာ ကိုဗစ် စည်းမျဉ်းစည်းကမ်းဘောင် ကျော်သွားတာ တွေလည်း ရှိတတ်ပါတယ်။ အဲဒါတွေကို သတိပြုပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါနဲ့ပတ်သက်ရင် ကျွန်မ မကြာခဏ ပြောပါတယ်။ နောင်အတွက် လည်းကျွန်မတို့စဉ်စားရ တယ်ပေါ့။ စီးပွားရေးအခြေ အနေတွေ အတွက် စဉ်းစားရပါတယ်။ ဒီဟာတွေကိုလည်း မျက်ခြေမပြတ်ကြည့်နေပါ  တယ်ဆိုတာ ပြည်သူတွေကို ထပ်မံပြောချင်ပါတယ်။

ဒါကြောင့် နောင်ရေးအတွက် မပူရဘူးလို့ မပြောပါဘူး။ မပူရဘူးပြောရင်လည်း ပူမှာ ပါပဲ။ စိတ်မပူပါနဲ့ ဆိုပေမယ့်လည်း ဒါဟာ ကိုယ့်ရဲ့နောင်ရေးအတွက် ကိုယ်စိတ်ပူမှာပေါ့။ ဒီအခြေအနေ တွေအရ ဘယ်လောက်ထိဆိုးနိုင်မလဲ၊ စိတ်ပူစရာ မရှိဘူးလို့လဲ ပြောလို့မရဘူး ပေါ့။ ကျွန်မပြောချင် တာကတော့ အခု လောလောဆယ်မှာအရေးကြီးတာက ကျန်းမာဖို့ပဲ။ ဒီရောဂါကပ်ကြီးကို ကျော်လွှားနိုင်ဖို့ အဓိက ပထမဦးဆုံးလုပ်ရမယ့် ကိစ္စက ကျန်းမာနေပြီ ဆိုရင် ဘာမဆိုလုပ်လို့ရတယ်။ မကျန်းမာရင် လုပ်လို့မရဘူး။ ဒါကြောင့် ကျန်းမာခြင်းသည် အကောင်းဆုံး လာဒ်လာဘဖြစ်တယ် ဆိုတာ အင်မတန်မှ မှန်ပါတယ်။ ကျန်းမာအောင်နေကြ ပါ။ ပြီးတော့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြပါ။ အခြေခံကျတဲ့ Mask တပ်ဖို့၊ နှာခေါင်း စည်းတပ်ဖို့  အင်မတန်အရေး ကြီးပါတယ်။ အားလုံးကသာ နှာခေါင်းစည်း တပ်မယ်ဆိုရင် ကိုဗစ်ပြန့်ပွားမှုနှုန်းဟာ အများကြီးကျသွားမှာပါ။ ကျွန်မလည်း လေ့လာပါတယ်။ ဘယ်နိုင်ငံ တွေမှာ ရောဂါပြန့်နေတယ်။ ဘယ်နိုင်ငံမှာ ရောဂါမပြန့်ဘူး။ အခုဆိုရင် ရောဂါပြန့်တဲ့နိုင်ငံ တွေထဲမှာ ဂျပန်နိုင်ငံပါတယ်ဆိုတော့ ကျွန်မနည်းနည်း အံ့အားသင့်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဂျပန်နိုင်ငံသူ၊ ဂျပန်နိုင်ငံသားများဟာ အင်မတန်မှ စည်းကမ်းလိုက်နာတဲ့ လူမျိုးတွေပါ။ သိပ်ပြီးတော့ စည်းကမ်းရှိပါတယ်။

ကျွန်မနည်းနည်းလေ့လာကြည့်တဲ့အခါ ဂျပန်မှာဆိုရင် လူဦးရေက များတဲ့အခါ သူတို့ သွားရေးလာရေးက မီးရထားတွေထဲမှာ၊ Bus Car တွေထဲမှာ လူတွေများတာကို တွေ့ရပါ တယ်။ ဒါကြောင့် ပြန့်ပွားမှုရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဒါကြောင့် လူများများစုရင်တော့ ဖြစ်တတ်ပါတယ်။ ကျွန်မနားလည် သလောက်ကတော့ ဂျပန်နိုင်ငံသူ၊ ဂျပန်နိုင်ငံသားတွေဟာ Mask ကို အမြဲဝတ်ပါတယ်။ Mask ဝတ်ထားတာတောင်မှ လူတွေ ကြပ်ကြပ်သပ်သပ် ဖြစ်ရင် တော့ ကူးနိုင်မယ်လို့ ဒီလိုပဲခန့်မှန်းရပါတယ်။ အဲဒီတော့ ကျွန်မတို့ပြည်သူတွေ နံပါတ်တစ် တတ်နိုင် သမျှ လူစုလူဝေးတွေကို ရှောင်ပါ။ နံပါတ်နှစ်  Mask မတပ်ဘဲ အပြင်ကို မသွားပါနဲ့။ မလွဲမရှောင်သာ အပြင်ကို သွားရမယ်ဆိုရင် Mask တပ်ပါ။ Mask တပ်ခြင်းဟာ ရောဂါ ပြန့်ပွားမှုကို အများကြီး ကာကွယ်မှုပေးနိုင်ပါတယ်။ နောက်ပြီး ကိုယ့်အိမ်ကိုလာတဲ့ ဧည့်သည် တွေကို အားမနာပါနဲ့။ Mask  တပ်ဖို့ပြောပါ။ လက်သန့်စင်ဖို့ပြောပါ။ ကိုယ့်အိမ်မှာ အသက် အရွယ်ကြီးတဲ့ မိဘတွေရှိရင် အတူတူထမင်းမစားပါနဲ့။ ဘာဖြစ်လို့လဲဆိုရင် ကိုယ်ကိုယ်တိုင်က အပြင်ထွက်ရတဲ့လူဖြစ်ရင် ကိုယ်ကနေ အကယ်၍ ရောဂါပိုးပါလာပြီ ဆိုရင် ကိုယ်က အသက် ကငယ်လို့၊ ကျန်းမာလို့ ဘာမှမဖြစ်ဘူးဆိုပေမယ့် ဘာမှမဖြစ်တာတော့ မဟုတ်ဘူးပေါ့။ ရောဂါ ပိုးပါလာပြီဆိုရင်တော့ ဖြစ်တာပေါ့။  ဒါပေမယ့် ရောဂါဒဏ်ကို ခံနိုင်တယ်ဆိုပေမယ့် အိမ်က  အသက်အရွယ်ကြီးတဲ့ ကိုယ့်မိဘတွေက ခံနိုင်ချင်မှ ခံနိုင်မယ်။

အထူးသဖြင့် မိဘတွေမှာ ရောဂါအခံရှိရင် ခံနိုင်ရည်ကလည်း ကျမှာ ဖြစ်ပါတယ်။ ဒါကြောင့်အများအတွက် စဉ်းစားပြီးတော့ အိမ်မှာ ထမင်းလက်ဆုံစားတဲ့ အလေ့အကျင့်တွေ ကို ဒီအချိန်ကာလ အတွင်းမှာတော့ ရှောင်ရပါမယ်။ ဒါမှလဲ မိသားစုအတွင်းမှာ ရောဂါပိုး မပြန့်မှာ ဖြစ်ပါတယ်။ အားလုံးက အခုဆိုရင် ကိုဗစ်နဲ့ပတ်သက်ပြီး စည်းမျဉ်း စည်းကမ်းတွေကို တော်တော်သိနေပြီလို့ ထင်ပါတယ်။ အရေးကြီးတာက လိုက်နာလား၊ မလိုက်နာလားပါပဲ။ စည်းမျဉ်းစည်းကမ်းတွေကို သိပြီးတော့ မလိုက်နာဘူးဆိုရင် သိရကျိုး မနပ်ပါဘူး။ ဒါကြောင့် သိရကျိုးနပ်အောင် ကျွန်မတို့ ထပ်တလဲလဲ ပြောတာတွေကို နားထောင်ရကျိုးနပ်အောင်လို့ ရပ်ထဲရွာထဲမှာ လိုက်ပြီး အော်လံတွေနဲ့ ဆော်သြနေတယ်။ ဆော်သြချက်တွေကို နားထောင်ရ ကျိုးနပ်အောင်လို့ ကျန်းမာအောင်နေကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။

 အားလုံးကို ကျေးဇူးတင်ပါတယ်။