နေပြည်တော် အောက်တိုဘာ ၂၂
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ (၇၅) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဋ္ဌတို့အကြား တွေ့ဆုံသည့် အာဆီယံ-ကုလ သမဂ္ဂ ဝန်ကြီးအဆင့်အစည်းအဝေးကို ယမန်နေ့ညနေပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၂၀ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Pham Binh Minh က အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အစည်း အဝေးသို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. António Guterres ၊ (၇၅) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ Mr. Volkan Bozkır ၊ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် အာဆီယံနှင့်ကုလသမဂ္ဂမှ အဆင့်မြင့်အရာရှိများ ပါဝင်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် အာဆီယံနှင့် ကုလသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ် ခဲ့ကြပြီး အာဆီယံ-ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအစီစဉ် (၂၀၁၆-၂၀၂၀) အောက်ရှိ လုပ်ငန်းစဉ်များ အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်ရန် တိုက်တွန်းဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ အာဆီယံ-ကုလသမဂ္ဂ ဘက်စုံမိတ်ဖက် ဆက်ဆံရေးမြှင့်တင်ရန် အာဆီယံ-ကုလသမဂ္ဂပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း အစီအစဉ် (၂၀၂၁-၂၀၂၅)ကို အတည် ပြုချမှတ်ခဲ့သည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါ၊ အကြမ်းဖက်မှု၊ အစွန်းရောက်ဝါဒနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ ်ဆွေးနွေးခဲ့ကြသည်။ အလားတူ အစည်းအဝေးတွင် ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုတို့ကို တိုးမြှင့် ဆောင်ရွက်ရန်အရေးကြီးကြောင်း၊ လတ်တလောရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် လူမှုစီးပွား ထိခိုက်နစ်နာမှုများကိုဖြေရှင်းရာတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်လိုအပ် ကြောင်း အလေးထားဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က အာဆီယံ-ကုလသမဂ္ဂ ဘက်စုံမိတ်ဖက် ဆက်ဆံရေးနှင့် အာဆီယံ-ကုလလသမဂ္ဂ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအစီအစဉ် (၂၀၁၆-၂၀၂၀) အကောင်အထည်ဖော် ဆောင်ရွက်မှုတို့တွင် သိသာထင်ရှားသည့် အောင်မြင်မှုများရရှိသည့် အတွက် အားရကျေနပ်ကြောင်း၊ ယခု အစည်းအဝေး၌ အာဆီယံ-ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း အစီအစဉ်သစ် (၂၀၂၁-၂၀၂၅) အတည်ပြုချမှတ်ခြင်းကို ထောက်ခံကြိုဆိုကြောင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ဦးဆောင်မှုဖြင့် COVID-19 ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာအစီအစဉ်များကို ချမှတ်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ လက်ရှိတွင် ထိရောက်လုံခြုံ စိတ်ချမှုရှိပြီး လက်လှမ်းမီသည့် ဈေးနှုန်းဖြင့် အားလုံးသာတူ ညီမျှ ခံစားရရှိနိုင်သည့် ကာကွယ်ဆေးရရှိရေးသည် နိုင်ငံအားလုံး၏ ဦးစား ပေးကိစ္စတစ်ရပ် ဖြစ်သည့် အတွက် အာဆီယံနှင့် ကုလသမဂ္ဂတို့အကြား ယင်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက် မှုမြှင့်တင်ရန် လိုအပ်ကြောင်း၊ အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒသည် ဒေသတွင်းနှင့် နိုင်ငံတကာ၏ တည်ငြိမ်အေးချမ်းရေးကို ကြီးမားစွာခြိမ်းခြောက် လျက်ရှိရာ အဆိုပါပြဿနာကို ရင်ဆိုင်ဖြေရှင်းရာတွင် အာဆီယံနှင့် ကုလသမဂ္ဂ အကြားပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် အရေးကြီးကြောင်း ထည့်သွင်းဆွေးနွေးသည်။
ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီး က တုံ့ပြန် ဆွေးနွေးရာ၌ ရခိုင်ပြည်နယ်အရေးကိစ္စမှာလည်း အကြမ်းဖက်မှု (terrorism) နှင့် ပါဝင်ဆက်စပ် နေသည်ကို မျက်ကွယ်မပြုရန်လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်တွင်တွေ့ကြုံ ရင်ဆိုင်နေရသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာပြဿနာသည် ARSA ဟုအများ သိထားသည့် Harakah al-Yaqin အကြမ်းဖက် အဖွဲ့က လုံခြုံရေးစခန်း အများအပြားကို တပြိုင်တည်းတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်ကြောင့် စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်ကို အများက လစ်လျူရှုထားကြောင်း၊ ကော့ခ်ဘဇားရှိ ဒုက္ခသည်စခန်းတွင် ARSA အဖွဲ့ဝင်များရှိနေပြီး ၎င်းတို့သည် နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်ကို နှောင့်နှေးကြန့်ကြာအောင် နှောင့်ယှက်လျက်ရှိသည်ဟု ခိုင်လုံသည့်သတင်းများအရ သိရှိရကြောင်း၊ ၎င်းအကြမ်း ဖက်အဖွဲ့သည် ဒုက္ခသည်စခန်းအတွင်း လက်နက်နှင့်မူးယစ်ဆေးဝါးများ တရားမဝင်ရောင်းဝယ်ဖောက်ကားမှု၊ ပြန်ပေးဆွဲမှုနှင့်လူကုန်ကူးမှုများ၊ အကြမ်းဖက်မှုနှင့် ဥပဒေမဲ့သတ်ဖြတ်မှုများတွင် ပါဝင်ပတ်သက် နေသည့်အပြင် စစ်သင်တန်းများကိုပင် ပေးနေသည်ဟု သတင်းများတွင် ဖော်ပြထားကြောင်း၊ ARSA နှင့် AA အကြမ်းဖက်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏နယ်မြေကို ခြေကုပ်ယူလျက် အကြမ်းဖက်လုပ်ရပ်များ ဆက်လက် ဆောင်ရွက်နေခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း၊ ARSA ၏ လှုပ်ရှားမှု များ၊ AA ၏ အကြမ်းဖက် တိုက်ခိုက်မှုနှင့် COVID-19 ရောဂါ ဖြစ်ပွားမှုအခြေ အနေများ ကြောင့် နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ဆောင်ရေးအပါအဝင် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေးအတွက် အစိုးရ၏ ကြိုးပမ်းချက်များကို ပိုမိုရှုပ်ထွေး လာစေကြောင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စဖြေရှင်းရေးမှာ မြန်မာနိုင်ငံအပေါ်တွင်သာ တာဝန်ရှိနေခြင်းမဟုတ်ဘဲ နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်ကြောင်း၊ နှစ်နိုင်ငံ သဘောတူညီချက် နှင့်အညီ စိစစ်အတည်ပြုပြီးဖြစ်သော နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးအတွက် လည်းကောင်း၊ ရခိုင်ပြည်နယ်ရှိ လူ့အသိုင်းအဝိုင်းအားလုံး၏ တည်ငြိမ်အေးချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းရင်း မိမိတို့ပြည်သူများအား ကာကွယ်စောင့်ရှောက်ရန်အတွက်လည်းကောင်း မြန်မာနိုင်ငံအနေဖြင့် ကတိကဝတ်ပြု ထားကြောင်းကိုလည်း အသိပေးလိုကြောင်း၊ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ ရှုပ်ထွေးသည့်စိန်ခေါ်မှုများကို နားလည်ရန် ကြိုးပမ်းပြီး မြန်မာနိုင်ငံ၏ ပြဿနာဖြေရှင်းရေး ကြိုးပမ်းမှုများ အောင်မြင်စေရန် အစိုးရ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးတွင် ကူညီပံ့ပိုးပေးမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
၂၀၂၀ ခုနှစ်သည် ကုလသမဂ္ဂ၏ (၇၅) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ဖြစ်သည့်အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံနှစ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲတမ်းမဟုတ်သော အလှည့်ကျအဖွဲ့ဝင်အဖြစ် တာဝန်ယူလျက်ရှိသည့်အတွက် ယခုနှစ်တွင်ကျင်းပသည့် အာဆီယံ-ကုလသမဂ္ဂ ဝန်ကြီးအဆင့်အစည်းအဝေးသည် ထူးခြားသည့် အစည်းအဝေးတစ်ရပ်ဖြစ်သည်။ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများလည်း ပါဝင်တက်ရောက် ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

,
,
,
,