ဒုတိယသမ္မတ ဦးမြင့်ဆွေ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဒသမအကြိမ် ညှိနှိုင်းအစည်းအဝေး (Virtual Meeting) သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၂

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဒသမအကြိမ် ညှိနှိုင်းအစည်းအဝေး (Virtual Meeting) ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသား အဆင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဗဟိုကော်မတီဝင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် ဗဟိုကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ အမြဲတမ်း အတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် အတွင်းရေးမှူးများ၊  လုပ်ငန်းကော်မတီ(၆)ခုမှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်၊ ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်၊ ဌာနဆိုင်ရာ အကြီးအကဲ များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တက်ရောက် ဆွေးနွေးကြသည်။

ရှေးဦးစွာ ဗဟိုကော်မတီ နာယက၊ ဒုတိယသမ္မတက အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ လေးနှစ်ကျော်ကာလအတွင်း အစည်းအဝေး (၉)ကြိမ် ကျင်းပခဲ့ရာဆုံးဖြတ်ချက် စုစုပေါင်း (၁၂၁)ချက် အနက် ဆောင်ရွက် ပြီး(၇၂)ချက်၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပါအဝင် ဆောင်ရွက်ဆဲ (၄၉) ချက် ရှိသည်ကို တွေ့ရပါကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများသည် မြန်မြန်ပြီးလေ အကျိုးရှိလေ ဖြစ်သည့်အတွက် အမြန်ပြီးစီးရေး အချိန်ကာလသတ်မှတ်ကာ ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးမှာ စနစ်တကျစီမံမှုမရှိသည့်မြို့ပြများ၊ စက်မှုဇုန်များနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အလွန်အကျွံ တိုးချဲ့မှုများကြောင့် ကာဗွန်ထုတ်လွှတ်မှု များပြား စေသည့်အပြင် ဂေဟစနစ်များပျက်စီးခြင်း၊ သစ်တောပြုန်းတီးစေခြင်း၊ တောရိုင်းတိရစ္ဆာန်များ ၏ နေရင်းဒေသများ ပျောက်ဆုံးခြင်း၊ တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်ခြင်း၊ ရာသီဥတုပြောင်းလဲမှုကို လျင်မြန်စေခြင်း တို့အပါအဝင် လူသားများ၏ လုပ်ဆောင်မှုများသည် သဘာဝတရား၏ ဟန်ချက်ညီမျှမှုကို ပြိုကွဲပျက်စီးစေသည့်အပြင် သက်ရှိများ၏ ရှင်သန် ရပ်တည်မှုနှင့် နိုင်ငံ၏ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုကို ခြိမ်းခြောက်နေသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း။

ထို့ကြောင့် နိုင်ငံအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သည့်အခါမှာ စီးပွားရေး ဖွံ့ဖြိုးမှုနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင် ထိခိုက်ယိုယွင်းပျက်စီးမှုများကို ရှောင်ရှား နိုင်ရန်နှင့် ပတ်ဝန်းကျင်နှင့်သဘာဝဂေဟစနစ် ရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် ထိရောက်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများကို အဓိကဦးစားပေးတစ်ရပ် အနေဖြင့် အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း ဆိုသည်မှာ လက်ရှိကာလတွင်သာမဟုတ်ဘဲ မိမိတို့၏ အနာဂတ်သားစဉ်မြေးဆက်များကို ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင် အခြေအနေကောင်းများ လက်ဆင့်ကမ်းပေးနိုင်ရန် အတွက် ဆောင်ရွက်နေရသည့် လုပ်ငန်းဖြစ်၍ မိမိတို့ ဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်မှုကော်မတီတို့အနေဖြင့် ထိုတာဝန်ကို ဆောင်ရွက်နေရခြင်း သည် အလွန်ဂုဏ်ယူ စရာဖြစ်ပါကြောင်း၊ ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ နိုင်ငံတော်က ချမှတ်ထားသည့် ပတ်ဝန်းကျင်ရေးရာမူဝါဒ၊ ဆက်စပ် မဟာဗျူဟာပင်မလုပ်ငန်းစဉ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာ စံချိန်စံညွှန်း အလေ့အကျင့် ကောင်းများနှင့်အညီ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အလွန် အရေးကြီးပါကြောင်း။

ကော်မတီ၏ ထူးခြားသည့် အောင်မြင်မှုအနေနှင့် နိုင်ငံတော်က ထုတ်ပြန်ထားသည့် မြန်မာ နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ပါ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် တစ်နိုင်ငံလုံးလွှမ်းခြုံသည့် မြန်မာနိုင်ငံ အမျိုးသား ပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှု ဆိုင်ရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ “မဟာဗျူဟာ’’ နှင့် “ပင်မ လုပ်ငန်း အစီအစဉ်” ၊ မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမဟာ  ဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ် တို့ကို ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်မှုအပိုင်းအနေဖြင့် ချမှတ်ထားသည့် မူဝါဒ၊ မဟာဗျူဟာ၊ ပင်မလုပ်ငန်းစဉ်များမှာ သတ်မှတ်ထားသော အခြေခံကျသည့် လမ်းညွှန်မူ ဘောင်များနှင့်အညီ ကဏ္ဍအသီးသီးမှာ ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း လုပ်ငန်း များ၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများကို အကောင်အထည်ဖော် ရာမှာ ပတ်ဝန်းကျင်ဆိုင်ရာ အစီအမံတွေကို ပေါင်းစပ်ဆောင်ရွက်နေသည့် အတွက် တိုးတက်မှု များ ရရှိနေပြီ ဖြစ်ပါကြောင်း။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးလုပ်ငန်းများသည် ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းများသည် အလွန်ကျယ်ပြန့် သည့် နယ်ပယ်များဖြစ်သည်နှင့်အညီ အရေးကြီးသည့် နယ်ပယ်သစ်များကိုလည်း ဖော်ထုတ် သွားရမည်ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် “သဘာဝသယံဇာတများ ရေရှည်တည်တံ့စေရေး၊ စက်ရုံ၊ အလုပ်ရုံနှင့် မြို့ပြလုပ်ငန်းများကြောင့် ဖြစ်လာသည့် လေထုညစ်ညမ်းမှုကိုထိန်းချုပ်ရေး၊ ပလပ်စတစ်အမှိုက်များထိန်းချုပ်ရေး၊ လူများ၏ ကျန်းမာရေးကိုထိခိုက်စေမည့် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများထိန်းချုပ်ရေး” စသည့် နယ်ပယ်များအတွက် ရေရှည်အစီအမံများ ဆက်လက် ရေးဆွဲချမှတ် အကောင်အထည်ဖော် နိုင်ရေးကိုလည်း အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း။

မူဝါဒ၊ မူဘောင်များနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို ချမှတ်ခြင်းသာမက ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအနေနှင့် လက်တွေ့ နယ်ပယ် အသီးသီးမှာ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးကိုလည်း အလေးပေးဆောင်ရွက်ကြရန် အလွန်အရေးကြီးပါကြောင်း၊ သို့မှသာ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများ၊ ရာသီဥတု ပြောင်းလဲမှု ဆိုးကျိုးများကို လျှော့ချနိုင်မှာဖြစ်ပြီး မိမိတို့ မျှော်မှန်းသည့် သန့်ရှင်းသည့် ပတ်ဝန်းကျင်၊ ကောင်းမွန်သည့် ဂေဟစနစ်များကို ထိန်းထားနိုင်ခြင်းအားဖြင့် သာယာဝပြော သည့် လူ့အဖွဲ့အစည်းကိုရရှိမှာဖြစ်ပါကြောင်း၊ ချမှတ်ထားသည့် မူဝါဒ၊ မူဘောင်များနှင့် ပင်မလုပ်ငန်း အစီအစဉ်များကို အကောင်အထည်ဖော်သည့် နေရာမှာ ပိုမိုထိရောက်စေရန် အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပြည်သူများ အနေနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အစီအမံများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်အောင် အသိပညာ ပေးခြင်းကို အဓိကလုပ်ငန်းတစ်ခုအနေဖြင့် အမြဲမပြတ် ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ဒါ့အပြင် ခွင့်ပြုချက်၊ လိုင်စင် ထုတ်ပေးထားသည့် လုပ်ငန်းစီမံကိန်းများတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေး ကြပ်မတ် အရေးယူဆောင်ရွက် သွားကြရန်လည်း လိုအပ်ပါကြောင်း။

ထို့အပြင် ပတ်ဝန်းကျင်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုး ထားသည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များအရ သတ်မှတ်ထားသည့် ကတိကဝတ် များကို အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အစီအမံများ ရေးဆွဲ ဆောင်ရွက်ရန် လိုအပ်သလို နည်းပညာနှင့် ဘဏ္ဍာငွေ အထောက်အပံ့ ရရှိရေးအတွက်လည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားဖို့ တိုက်တွန်း လိုပါကြောင်း၊ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီး/ ပြည်နယ်ကြီးကြပ်မှု ကော်မတီများ၏ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်မှု၊  ကြီးကြပ် ဆောင်ရွက်နိုင်မှုများကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက် ရေးလုပ်ငန်းများ အောင်မြင်လာသည်ကို တွေ့ရသည့်အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူမိ ပါကြောင်း၊ ထို့အပြင် ဆက်လက်ပြီး လက်တွေ့ ကျသည့် နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် စီမံကိန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြား သည်။

ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပတ်ဝန်းကျင်ဆိုင်ရာ နယ်ပယ်သစ်များဖော်ထုတ်၍ ရေရှည်အစီအမံများ၊ မဟာဗျူဟာ မူဘောင်များ ဆက်လက် ရေးဆွဲရေးနှင့် စပ်လျဉ်း၍ “အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု မူဝါဒမူဘောင်”၊ “အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာ မူဘောင်”၊ “ဘေးအန္တရာယ်ရှိ စွန့်ပစ် ပစ္စည်းစီမံခန့်ခွဲမှုပင်မလုပ်ငန်းအစီအစဉ်၊” “ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျော ညီထွေရေးဆိုင်ရာနိုင်ငံအဆင့် လုပ်ငန်းအစီအစဉ်” တို့ကို ယနေ့ အစည်းအဝေးတွင် အတည်ပြု နိုင်ရေးဝိုင်းဝန်းဆွေး နွေးပေးစေလိုပါကြောင်း၊  ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိန်းသိမ်းနိုင် ရန်၊ ရာသီဥတု ပြောင်းလဲမှုကိုလျှော့ချနိုင်ရန်နှင့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံနိုင်ရေး အတွက် နိုင်ငံတော်မှချမှတ်ထားပြီးဖြစ်သည့် မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ်ပါ အကောင်အထည်ဖော်ရမည့် လုပ်ငန်းများကိုကဏ္ဍအလိုက်၊ နယ်မြေဒေသအလိုက် ဖွံ့ဖြိုးရေး အစီအစဉ်တွင် ထည့်သွင်းပေါင်းစပ်ပြီး ထိရောက်စွာ အကောင်အထည်ဖော်နိုင် ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ဗဟိုကော်မတီ နဝမအကြိမ် ညှိနှိုင်းအစည်း အဝေးမှ ဆွေးနွေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ လုပ်ငန်းကော် မတီများမှ ဗဟိုကော်မတီ၏  ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ရှေ့လုပ်ငန်း စဉ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအမံများကို ပေါင်းစပ် ဆောင်ရွက်နိုင်မှု အခြေအနေနှင့် ဆွေးနွေးဆုံးဖြတ်ရန် အဆိုပြုတင်ပြချက်များနှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြသည်။

ထို့နောက် ဗဟိုကော်မတီဝင် ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့် နှင့် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းတို့က သတ္တုကဏ္ဍ၊ ရေအားလျှပ်စစ်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍများအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ  လမ်းညွှန်ချက် များအပြီးသတ် ထုတ်ပြန်နိုင်ရေး၊  ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အနေဖြင့် ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများအပေါ် လိုက်နာမှုရှိ/မရှိ စစ်ဆေးကြပ်မတ် နေမှုများ၊ လက်ကိုင် Chainsaw သုံးစွဲမှုများအား ဒေသန္တရအမိန့် ထုတ်ပြန်နိုင်ရေး ဆောင်ရွက်မှု အခြေအနေများ၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးဒါရှီလဆိုင်း၊ ဦးတီရယ်၊ ဦးစောပြည်သာ၊ ဦးလာလ်ထောင်ထန်း၊ ဦးလှထွေး၊ ဒေါက်တာ စောညိုဝင်း၊ ဦးမျိုးသစ်၊ ဒေါက်တာမင်းကြည်ဝင်း၊ ဦးကျော်လွင်၊ ဦးဟံထွန်းနှင့် ဦးတင်အောင်ဝင်းတို့က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကြသည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန်များဖြစ်ကြသည့် ဦးစိုးဟန်၊ ဦးဇော်သန်းသင်း၊ ဦးခိုင်ထွန်းဦး၊ ဦးရဲနိုင်၊ ဦးကိုကိုလွင်၊ ဦးအောင်နိုင်ဦး၊ ဦးမျိုးမြင့်မောင်၊ ဦးထွန်းအုံ၊ ဦးဝင်းခန့်၊ ဦးခင်မောင်ရီ၊ ဦးသန်းဇော်၊ ဦးမြင့်လွင်နှင့် ဦးရွှေလေး၊  ညွန်ကြားရေးမှူးချုပ် များဖြစ်ကြသည့် ဒေါက်တာ ဇော်မြင့်နှင့် ဦးမောင်မောင်ကျော်၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်ဖြစ်သူ  မြန်မာနိုင်ငံ သစ်တောအသင်းအတွင်းရေးမှူး ဦးတင်အေး၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များမှ ကိုယ်စားလှယ်ဖြစ်သူ မြန်မာ့ပတ်ဝန်းကျင် ထူထောင်ထိန်းသိမ်းရေး ကွန်ရက် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းပေါ်ဦးနှင့် ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ဖြစ်သူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မျိုးသက်တို့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအစဉ်များ၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေမှု အပေါ် တွေ့ကြုံနေရသည့် အခက်အခဲများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေအရ ကာကွယ် ကြပ်မတ် ဆောင်ရွက်နေမှုအခြေအနေများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေမှု အခြေအနေများ၊ ရန်ပုံငွေတိုးမြှင့် ရရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ ဓာတုပစ္စည်းနှင့် စွန့်ပစ်ပစ္စည်းစွန့်ပစ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရေရှည်စဉ် ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဗဟိုကော်မတီအတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ဗဟိုကော်မတီ၏ ဒသမအကြိမ် ညှိနှိုင်းအစည်း အဝေးဆုံးဖြတ်ချက်များကိုတင်ပြပြီး အစည်းအဝေး တက်ရောက်သူအားလုံး၏ သဘောတူညီ ချက်အရ အစည်းအဝေးဆုံးဖြတ်ချက်ပေါင်း (၁၆) ချက်ကို အတည်ပြုချမှတ်ခဲ့သည်။

ထို့နောက် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီနာယက၊ ဒုတိယသမ္မတက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)