(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ COVID-19 ရောဂါ ပြန့်ပွားမှုနှင့်ပတ်သက်၍ ပြည်သူသို့ တင်ပြချက်

နေပြည်တော် စက်တင်ဘာ ၁၀

ကျွန်မတို့ ပြည်သူပြည်သားများအားလုံး ကျန်းမာချမ်းသာကြပါစေလို့ စတင်ပြီးတော့ ဆုတောင်းမေတ္တာ ပို့ပါတယ်။ အခုအချိန်မှာ ကျန်းမာဖို့ အထူးအရေးကြီးတယ်ဆိုတာလည်း အားလုံးနားလည်ပြီးသားလို့ ထင်ပါတယ်။ အခု ကိုဗစ်ရောဂါဟာဆိုရင် ဩဂုတ် လဝက်လောက်ကနေစပြီးတော့ တစ်ကျော့ပြန်ပြီး ထလာတယ်လို့ ပြောလို့ရပါတယ်။ အခုဆိုရင် ရန်ကုန်တိုင်းမှာ အထူးပြန့်ပွား နေပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျွန်မအခုပြောတဲ့ အချိန်မှာ ရန်ကုန်က ပြည်သူပြည်သားတွေကို အဓိကထားပြီး ကျွန်မပြောသွား မှာပါ။ ရခိုင်မှာ စစ်တွေဘက်ကနေစတဲ့ ရောဂါကို အခုအတော်အတန် ထိန်းနိုင်ပြီလို့ ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် စည်းမျဉ်းစည်းကမ်းတွေကို ကြပ်ကြပ်မတ်မတ် သတ်မှတ်ပြီးတော့ ပြည်သူလူထုက လိုက်နာလို့ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ လည်း ကျွန်မအနေနဲ့ ရခိုင်ဝန်ကြီးချုပ် ဦးညီပုနဲ့တကွ ရခိုင်အစိုးရအဖွဲ့ရော ပြည်သူပြည်သားတွေ အားလုံးရော ကျေးဇူးတင်တယ် လို့ ပြောချင်ပါတယ်။ ဒီလိုစည်းမျဉ်းစည်းကမ်းတွေကို ကြပ်ကြပ်မတ်မတ်လိုက်နာမယ်ဆိုရင် ကျွန်မတို့ ဒီရောဂါကို မထိန်းနိုင် စရာအကြောင်း မရှိပါဘူး။

အခု ရန်ကုန်တိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်မတို့ စည်းမျဉ်းစည်းကမ်းတွေ  ထုတ်ထားပါတယ်။ ဒါကို တင်းကြပ်တယ်လို့ တချို့ကထင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒီလိုတင်းတင်း ကြပ်ကြပ်နဲ့ ကျွန်မတို့ နှစ်ပတ်၊ သုံးပတ်လောက် လိုက်နာလိုက်မယ်ဆိုရင် ကျွန်မတို့ ဒီရောဂါကို ထိန်းချုပ်နိုင်မယ့် အခြေအနေကို ရောက်လာမှာပါ။ အဲဒါကြောင့် အားလုံးက နေပြီးတော့ စည်းမျဉ်း စည်းကမ်း တွေကို လိုက်နာကြပါ။ စည်းဆိုကတည်းက စည်းဆိုတာ ဘာလဲဆိုတာစဉ်းစားပါ။ စည်းဆိုတာ နံပါတ်(၁)က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲဖြစ်ပါတယ်။ နောက်ပြီးတော့ အပြင်ကလူတွေကိုလည်း ကာကွယ်ဖို့ဖြစ်ပါတယ်။ ကိုယ်စည်းမျဉ်း စည်းကမ်းကို လိုက်နာခြင်းအားဖြင့် ပထမဦးဆုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရာ ရောက်ပါလိမ့်မယ်။

အခု ရန်ကုန်တိုင်းမှာ ပြန့်ပွားမှုဟာ အရင်မတ်လ၊ ဧပြီလတုန်းက ပြန့်ပွားမှုနဲ့စာရင်အများကြီး ပိုပြီးတော့ မြန်တယ်ဆိုတာ ပြည်သူတွေ သိပြီးသား ဖြစ်ပါလိမ့်မယ်။ မြန်ရုံတင် မကဘူး။ အခုနောက်ပိုင်းမှာဆိုရင် ကွယ်လွန်အနိစ္စရောက်တဲ့သူတွေလည်း အရင်နဲ့စာရင် မြန်လာတယ်လို့ ပြောရပါလိမ့်မယ်။ အရင်တုန်းက (၆)ယောက်ပေါ့။ အခု(၈)ယောက်ဆို တော့ (၁၄) ယောက်ရှိသွား ပါပြီ။ နောက်ဖြစ်တဲ့(၈) ယောက်ထဲမှာဆိုရင် (၂) ယောက်က အသက်လည်းမကြီးသေးပါဘူး။ အရွယ်ကောင်း တွေလို့ ပြောလို့ရ တယ်။ တခြားဘာရောဂါ အခံမှလည်း မရှိပါဘူး။ အဲဒါကြောင့် ကိုဗစ်ကြောင့်ပဲ အသက်ဆုံးရှုံးသွားရတယ်လို့ ကျွန်မတို့ဒီလိုပဲ ယူဆရပါတယ်။ ဒါကြောင့် ကိုဗစ်ကဖြစ်တာဖြစ်ပါစေ။ အသက်မှ မထိခိုက်တာလို့ ဒီလိုပေါ့ပေါ့နဲ့ မစဉ်းစားပါနဲ့။ ‌ရောဂါအခံရှိတဲ့ သူတွေအတွက်တော့ အထူးအန္တရာယ်ရှိတယ် ဆိုတာတော့ ကျွန်မသေချာပြောချင်ပါတယ်။ အခုဆုံးပါးသွားတဲ့ သူတွေထဲမှာ ဆိုရင် ဆီးချို နဲ့ သွေးတိုးအခံရှိတဲ့ ပြည်သူများ တော်တော်များပါတယ်။ ဆီးချိုနဲ့ သွေးတိုး အခံရှိပြီဆိုရင် ကိုဗစ်ရဲ့အန္တရာယ်ကို မတွန်းလှန် နိုင်သလောက်ကို ဖြစ်သွားပါတယ်။ ဒါကြောင့်သတိထားကြပါ။ ကျန်းမာရေး အခြေခံမကောင်းတဲ့သူတွေ အထူးသတိထား ကြပါ။ ကျန်တဲ့သူတွေလည်း သတိထားဖို့ လိုပါတယ်။‌ နောက်ပြီးတော့လည်း အခုနောက်ပိုင်း ဖြစ်တဲ့သူတွေထဲမှာ ဆိုရင် ဆယ်ကျော်သက် အရွယ်တွေ ပါလာတာလည်း ကျွန်မသတိထားမိပါတယ်။ (၁၆)နှစ်၊ (၁၅)နှစ်၊ (၁၈)နှစ်ပေါ့။ အရွယ်ကောင်းလေးတွေပေါ့။ အဲဒါကြောင့် အခုကိုဗစ်က အသက် အပိုင်းအခြားလည်းမရှိဘူး။ ရောဂါအခံ ရှိတာ၊ မရှိတာကိုလည်း ခွဲခြားပြီးတော့ မြင်လို့မရ တော့ဘူးဆိုတာ ကျွန်မတို့ နှလုံးသွင်း ဖို့တော့ အင်မတန်မှ အရေးကြီးပါတယ်။

ရန်ကုန်နဲ့ပတ်သက်ရင် အဓိကကတော့ အသွားအလာကန့်သတ်ဖို့ပါပဲ။ လူစုလူဝေးတွေ မဖြစ်ဖို့ပါပဲ။ အားလုံးကနေပြီးတော့ ခပ်ခွာခွာနေမယ်။ ကျွန်မတို့ သတ်မှတ်ထားတဲ့ အင်မတန်မှ လွယ်ကူပြီးတော့ ရှင်းလင်းတဲ့စည်းမျဉ်းစည်းကမ်းတွေဖြစ် တဲ့ အပြင်သွားရင် နှာခေါင်းစည်းတပ်ပါ။ လက်အိတ်ဝတ်ရမယ့် နေရာတွေမှာ လက်အိတ်ဝတ်ပါ။ အနည်းဆုံး ခြောက်ပေကွာပြီးတော့ နေပါဆိုပြီးတော့ အဲဒီလို သတ်မှတ်ချက်တွေကို  လိုက်နာမယ်ဆို ရင် လူတိုင်းလူတိုင်း၊ တစ်ယောက်ချင်းတစ်ယောက်ချင်းစီက  လိုက်နာမယ်ဆိုရင် ကျွန်မတို့ ဒီရောဂါကို မြန်မြန်ထိန်းချုပ်သွားနိုင်မှာပါ။ နောက်တစ်ခုကလည်း ကျွန်မတို့ကနေပြီး တော့ လူစုလူဝေးမဖြစ် အောင်ဆိုပြီး စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်တဲ့နေရာမှာ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းကို ထိခိုက်တယ်ဆိုတာ ကျွန်မတို့ သတိပြုမိပါတယ်။ ဒါကြောင့်လည်း အစိုးရအနေနဲ့ တတ်နိုင်သမျှ ဒီလိုထိခိုက်တဲ့ ပြည်သူတွေကို ပံ့ပိုးနိုင်အောင်လည်း စီစဉ်ပါတယ်။ လုပ်လည်းလုပ်ပါတယ်။ ဆက်ပြီးတော့လည်း လိုအပ်သလို လုပ်သွားပါမယ်။

ဒီလို ကိုဗစ်ကြောင့်၊ ကန့်သတ်ချက်တွေကြောင့် ကိုယ်ရဲ့နိစ္စဓူဝ အလုပ်တွေမှာ လုပ်ရတာ ခက်ခဲလာတယ်ဆိုတာတော့ သည်းခံရ မယ့် ကိစ္စတစ်ခုပါ။ ကျွန်မတို့ စည်းမျဉ်းစည်း ကမ်းတွေကို ကြပ်ကြပ်မတ်မတ် လိုက်နာလေလေ ဒီစည်းမျဉ်း စည်းကမ်းတွေကို မြန်မြန်ဆန်ဆန် ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်မှာဆိုရင် ကျွန်မတို့ မြို့နယ်အချို့ကို အထူးသတိထားပြီး အိမ်အပြင် မထွက်ဖို့ သတ်မှတ်ထားပါတယ်။ ကျွန်မက နာမည်နဲ့ပြောရမယ်ဆိုရင် သင်္ဃန်းကျွန်းမြို့နယ်ကို ပြောဖို့လိုပါ လိမ့်မယ်။ ဘာဖြစ်လို့ လဲဆိုတော့ သင်္ဃန်းကျွန်းမြို့နယ်မှာဆိုရင် ကိုဗစ်ရောဂါစွဲကပ်နေတဲ့ ပြည်သူတွေ များလို့ပါ။  အဲဒီလိုဖြစ်ရတဲ့ အကြောင်းကလည်း ကာရာအိုကေနဲ့ဆိုင်တယ်လို့ ကျွန်မတို့နားလည် ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် ကာရာအိုကေဆိုင်တွေမှာ ကာရာအိုကေဆိုရာ ကနေပြီးတော့ ပြန့် သွားတဲ့ကိစ္စပါ။ ဒီလိုဘာဖြစ်လို့ပြန့်သွားလဲဆိုတော့ နံပါတ်(၁)က လူစုလူဝေးပေါ့။ ကာရာ အိုကေ ဆိုင်တွေမှာဆိုရင် လူတွေများတယ်။ တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေကွာ ပြီးတော့ နေတယ်ဆိုတာမရှိဘူး။ နောက်ပြီးတော့ သီချင်းဆိုတဲ့အခါမှာဆိုရင် ဒါဟာ ပိုးမွှားတွေကို ပြန့်အောင်လို့ လုပ်နိုင်တဲ့ အထိရောက်ဆုံးနည်းပဲလို့တောင် ပြောရမလား မသိပါဘူး။ အားလုံးသီချင်းဆိုကြတယ်။ နောက်ပြီး Microphone တွေကို တစ်ယောက်ပြီး တစ်‌ယောက်သုံးကြတယ်။ အဲဒီကနေပြီး တော့ ကူးစက်တာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့က အခုဒီလိုဆိုင်တွေအားလုံးကို ပိတ်လိုက်ပါတယ်။ ပိတ်လိုက်တဲ့အခါမှာ  ကျွန်မတို့က တစ်ဖက်သတ်ကြည့်တာ မဟုတ်ပါဘူး။ တစ်ဖက်က ဒီလိုဆိုင်တွေကို ပိတ်တဲ့အခါ ဒီဆိုင်တွေကို အသက်မွေး ဝမ်းကျောင်းအတွက် မှီဝဲနေရတဲ့ ပြည်သူတွေရှိတယ်ဆိုတာ ကျွန်မတို့ သဘောပေါက်ပါတယ်။ ဒါပေမယ့်လည်း ဒီပြည်သူတွေဟာ ရေတိုမှာ ဝင်ငွေ မရပ်သွားဘူး ဆိုပေမယ့် ရေရှည်တောင်မဟုတ်ပါဘူး။ မကြာမီကာလအတွင်းမှာပဲ ရောဂါ ကူးစက်ပြီးတော့ ဆက်ပြီးတော့လည်း အလုပ်မလုပ်နိုင်တဲ့ အခြေအနေ၊ ကိုယ်ကြောင့်လည်း တခြားသူတွေ၊ ကိုယ်ရဲ့မိသားစု အပါအဝင် ရောဂါကူးစက်သွားနိုင်တဲ့ အခြေအနေတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့က အခုဆိုရင် ကြပ်ကြပ်မတ်မတ် စည်းမျဉ်းစည်း ကမ်းတွေ သတ်မှတ်ထားတာပါ။

နောက်ပြီးတော့ ခရီးသွားလာတာနဲ့ ပတ်သက်လို့ ပထမဦးဆုံး ရခိုင်မှာ ရောဂါပြန့် ပွားနေပြီ၊ စစ်တွေမှာ တော်တော်များများ တွေ့ပြီဆိုတာ သိတဲ့အခါမှာ ရခိုင်ဘက်ကနေပြီး တော့ တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ခရီးမထွက်ဖို့ဆိုပြီး ပိတ်ပင်လိုက် ပါတယ်။ ပိတ်ပင်လိုက်တဲ့အခါ ရခိုင်ပြည်နယ်က ကျွန်မတို့ ပြည်သူတွေက  ထွက်ချင်ကြတယ်။ ကျွန်မတို့က ထွက်ခွင့်မပေးဘူး။ အဲဒီတုန်းက ကျွန်မ ရှင်းပြပါတယ်။ ကျွန်မတို့ရဲ့ ရခိုင်က ပြည်သူတွေကို အငြိုးအတေးနဲ့လည်း မဟုတ်ပါဘူး။ ဒီလို ပြန့်သွားရင် အားလုံးအတွက် အန္တရာယ်ရှိတဲ့အပြင် တစ်တိုင်းပြည်လုံးမှာ ပြဿနာဖြစ်နေရင် ရခိုင်ပြည်နယ်အတွက် လည်း ဦးစားပေးပြီး သတ်သတ်မှတ်မှတ်လုပ်ပေးဖို့ ပိုပြီးတော့ ခက်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်မတို့က တကယ်ရောဂါပြန့်ပွားမှုများ နေတဲ့နေရာတွေကို ဦးစားပေးပြီးတော့ သေသေ ချာချာလုပ်ပေးနိုင်အောင် ဒီလို ကန့်သတ်ရတာပါ။ အခုလည်း ရန်ကုန်တိုင်းမှာဆိုရင် ဒီလိုပါပဲ။ ရန်ကုန် တိုင်းအတွင်းမှာဆိုရင် တစ်တိုင်းပြည်လုံးမှာ ရောဂါပြန့်ပွားမှု အခြေအနေက အမြန်ဆုံးပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်မတို့ အကန့်အသတ်တွေ လုပ်တာပါ။ ရန်ကုန်တိုင်းပြင်ပကိုလည်း မလိုအပ်ဘဲနဲ့ မသွားပါနဲ့။ သွားရင်လည်း တခြားတိုင်းတွေ၊ ပြည်နယ် တွေက စည်းမျဉ်းစည်းကမ်းအရ စစ်ဆေး တာတို့၊ Quarantine လုပ်တာတို့ သတ်မှတ်ပါလိမ့်မယ်။ အဲဒီအခါ အဲဒီအတိုင်းပဲ လိုက်နာ ရမှာဖြစ်ပါတယ်။

ဒီချိန်မှာတော့ ငြိမ်ငြိမ်လေးနဲ့ ကိုယ့်အိမ်မှာကိုယ် နေနိုင်သမျှနေတာ အကောင်းဆုံးပါပဲ။ ကိုယ့်အိမ်မှာကိုယ် နေနိုင်သမျှ နေမယ် ဆိုတော့ ဈေးဝယ်သွားဖို့ကိစ္စကို တချို့က မေးပါ လိမ့်မယ်။ ဈေးဝယ် သွားဖို့ဆိုတဲ့ကိစ္စကတော့ မဖြစ်မနေ လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါဟာ ကျွန်မတို့ ပြည်သူတွေ က နိစ္စဓူဝ စားရေးသောက်ရေးအတွက် ဈေးသွားဖို့ လိုတယ်ဆိုတာ ကျွန်မနားလည် ပါတယ်။ ဒါပေမယ့် ဈေးတွေမှာ အရင်သတ် မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပိုပြီးတော့ တင်းတင်းကြပ်ကြပ် လိုက်နာဖို့ကို ကျွန်မတို့ ဆောင်ရွက်ပါမယ်။ မလိုက်နာတဲ့သူတွေကို ကျွန်မတို့ ဥပဒေအရ အရေးယူရပါ လိမ့်မယ်။ ဥပဒေဆိုတာ ကျွန်မ ခဏခဏပြောပါတယ်။ ပြည်သူကို ဒဏ်ပေးဖို့မဟုတ်ဘူး။ တကယ်တော့ ကျွန်မတို့ရဲ့ လူ့အသိုင်းအဝိုင်းရဲ့ တည်ငြိမ်မှု၊ အေးဆေးမှုကို ကာကွယ်ဖို့ ဖြစ်ပါတယ်။  ဒီလို ရောဂါ အားလုံးပြန့်ပွားသွားမယ်ဆိုရင် ကျွန်မတို့ လူ့အသိုင်းအဝိုင်းဟာ အများကြီး ထိခိုက်လာတဲ့ အခါကျ တည်ငြိမ်မှုလည်းရှိမှာ မဟုတ်ပါဘူး။ အေးငြိမ်းမှုလည်း ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့က နေပြီးတော့ စည်းမျဉ်းစည်းကမ်း မလိုက်နာရင် သဘာဝဘေးအန္တရာယ်ဥပဒေအရ အရေးယူမယ်လို့ ပြောတာက သဘာဝ ဘေးအန္တရာယ် ဥပဒေဟာ ကူးစက်ရောဂါဥပဒေထက် ပိုပြီးတော့ ပြင်းထန်ပါတယ်။ ဒီလိုပဲ ပြင်းပြင်းထန် ထန်လုပ်နိုင်မှ ကျွန်မတို့ဟာ ထိထိရောက်ရောက် ကိုဗစ်ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မှာပါ။ ကျွန်မတို့ ဘာတွေရည်ရွယ်တယ်။ ဘာတွေ လုပ်စေချင်တယ် ဆိုတာကို  တစ်ချိန်လုံး ညွှန်ကြားချက်တွေ ထုတ်နေပါတယ်။ ဒီညွှန်ကြားချက်တွေကို ပြည်သူလူထုက သေချာ လေ့လာစေချင် ပါတယ်။ ကျွန်မ အနေနဲ့ ဒီအချိန်မှာ အားလုံးကို ဖတ်ပြမှာ မဟုတ်ပါဘူး။  ဒါတွေဟာ ကျွန်မတို့ ရုပ်မြင်သံ ကြားမှာလည်း မကြာခဏ တင်ပါမယ်။ နောက်ပြီး သတင်းစာတွေထဲမှာလည်း ထည့်ပါမယ်။ အဲဒါတွေကို ပြည်သူတွေ လေ့လာစေချင်ပါ တယ်။ ဒီညွှန်ကြားချက်တွေကိုလည်း လိုက်နာစေချင်ပါတယ်။

အခုအချိန်မှာ နေပြည်တော်က နိုင်ငံရဲ့ အစိုးရရုံး စိုက်ရာနေရာဆိုပေမယ့် ရန်ကုန် ဆိုတာဟာ ကျွန်မတို့ ပြည်သူတွေ တော်တော် များများရဲ့ နှလုံးသားထဲမှာ နှလုံးသားမြို့ တော်ကြီးပါပဲ။ ဒါကြောင့် ဒီလိုမြို့တော်ကြီးကနေပြီးတော့ တကယ့်ကို ကောင်းတဲ့နမူနာ၊ စံအနေနဲ့ ရပ်တည်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ရခိုင်ပြည်နယ် မှာဆိုရင်တောင်မှ ကျွန်မတို့ ထိန်းချုပ်နိုင်ပြီ။ ထိန်းချုပ်နိုင်တဲ့ အဆင့်ကို ရောက်လာပြီ။ ထိန်းချုပ်လို့ ပြီးစီးသွား ပြီလို့ ပြောတာမဟုတ်ပါဘူး။ အဲဒီတော့ ကျွန်မတို့ရဲ့ ရန်ကုန်တိုင်းမှာ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ကျွန်မတို့ ပြည်သူတွေရဲ့ နှလုံးသားထဲက မြို့တော်ကြီးက ဘာဖြစ်လို့ ဒီကိစ္စကို အောင်အောင်မြင်မြင် မဆောင်ရွက် နိုင်ရမှာလဲ။ အဲဒါကို ကြိုးစားကြပါ။ အားလုံးကနေပြီးတော့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြပါ။  စည်းမျဉ်းစည်းကမ်း တွေကလည်း စောစောက ကျွန်မပြောတဲ့အတိုင်းပဲ ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ အင်မတန် ရိုးရှင်းပါတယ်။ ဘာကြောင့် ဒီလိုစည်းမျဉ်း စည်းကမ်းတွေကို သတ်မှတ်တယ်ဆိုတာ ပြည်သူတွေ နားလည်ဖို့လည်း ခက်ခဲတာ မဟုတ်ပါဘူး။ ဒါကြောင့် စည်းမျဉ်းစည်း ကမ်းတွေကို လိုက်နာပါ။ သိပ်ပြီးတော့ စိုးရိမ်မလွန်ပါနဲ့။ ဒါပေမယ့် သတိဆိုတာတော့ လွန်ကဲတယ် မရှိပါဘူး။ သတိတော့ အမြဲပဲချပ်ပါ။ ကျွန်မတို့ အတတ်နိုင်ဆုံး၊ အမြန်ဆုံးတင်းကြပ်တဲ့ အခြေအနေက ပိုပြီးတော့ ဖြေလျှော့နိုင်အောင် ကြိုးစား သွား ပါမယ်။ ဒါပေမယ့် ကြိုးစားတဲ့နေရာမှာ ကျွန်မ ခဏခဏ ပြောတဲ့အတိုင်း ပြည်သူသာလျှင် အဓိကပါ။ ပြည်သူတွေ ပါဝင်မှ ကျွန်မတို့ရဲ့ ကြိုးစားမှုတွေက အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်သူ၊ ရန်ကုန်သားတွေ ကိုယ့်အစွမ်းကို ပြကြပါ။ ကိုဗစ်ကို ဘယ်လောက် မြန်မြန်၊ ဘယ်လောက် ထိထိရောက် ရောက် ထိန်းချုပ်နိုင်မလဲဆိုတာ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံးတင် သာမက တစ်ကမ္ဘာလုံး ကနေ သိနိုင်အောင်လို့ အစွမ်းပြကြပါလို့ မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်။ အားလုံး ကျန်းမာချမ်းသာ ကြပါစေ။