နေပြည်တော် ဩဂုတ် ၂၆
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် ရရှိထားသူများအနေဖြင့် လုပ်ပိုင်ခွင့် အသုံးပြု ခွင့်ရယူသည့် နည်းတူ မြေခွန်တော်များ ကို ဥပဒေနှင့်အညီ ပေးအပ်ရန် တာဝန် ရှိပါကြောင်း၊ ပေးအပ်ခြင်း မပြုပါက အစည်းအဝေးများတွင် အတည်ပြုဖွဲ့စည်းထားသည့် အထူးအဖွဲ့များဖြင့် ကွင်းဆင်း စိစစ်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် အကြောင်းအရာ များအလိုက်တင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက ကဏ္ဍအလိုက် ဆွေးနွေး ခဲ့ကြသည်။
ယနေ့ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ ၏(၂၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် လက်ရှိအစိုးရကာလ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထား လာသည့် အမှုတွဲများအား စိစစ်တင်ပြခြင်း ဆိုင်ရာကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟို ကော်မတီ၏ (၂၅/၂၀၂၀) နှင့် (၂၄/၂၀၂၀) အစည်းအဝေးဆုံးဖြတ်ချက်များ အရ ပြည်လည် စိစစ်ရန် အကြောင်း ကြားခြင်း အပေါ် ပြန်လည်တင်ပြလာသည့် ကိစ္စရပ်များ၊ ယခင်ဗဟိုအဖွဲ့ က ခွင့်ပြုထားသည့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများအား ပြည်လည် အပ်နှံခွင့်ပြုပါရန် လျှောက်ထားလာခြင်း ကိစ္စရပ်များ၊ ယခုအစိုးရကာလ သက်ဆိုင်ရာဝန်ကြီးဌာနများက သဘောထားမှတ်ချက် ပြန်ကြား လာသည့် အမှုတွဲများ စိစစ်တင်ပြခြင်းကိစ္စရပ်များ၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများသည် ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ဃ)ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ပြီး ပေးဆောင် ရမည့် မြေခွန်များကို ပေးဆောင်ရန် ပျက်ကွက်နေမှုအား ဥပဒေပုဒ်မ ၂၁ နှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက် နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပေးထားသည့် အထူးအဖွဲ့များအား အစားထိုး ပြင်ဆင်ဖွဲ့စည်းပေးခြင်း ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများတွင် အသုံးပြုခွင့်၊ လုပ်ပိုင်ခွင့်လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာ တင်သွင်း ခြင်းအား စိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်းကိစ္စရပ်များနှင့် ကျေးရွာသုံး ထင်းစိုက်ခင်း နယ်မြေ သတ်မှတ်ရေး ကိစ္စ၊ ဒေသခံ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ် လာအရ သတ်မှတ်နယ်မြေများ ဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)