Skip to main content

နေပြည်တော် ဩဂုတ် ၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် မကွေးတိုင်းဒေသကြီး မကွေးခရိုင်၊ မင်းဘူးခရိုင်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၈ နာရီတွင် မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း ထွက်သည့်နေ့ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြသည့် ကျောင်းသား ကျောင်းသူ များအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မအောင်မြင်သူများအတွက် အထူးစိတ်မကောင်းဖြစ်ရ ပါကြောင်းနှင့် အကောင်းဆုံးပြန်လည်ကြိုးစား လျှောက်လှမ်းနိုင်ရေး အားပေးပါကြောင်း၊ ယခုနှစ်တွင် သတ်မှတ်ချက်နှင့်ကိုက်ညီသူများအား အခြေခံပညာ အထက်တန်းအဆင့် သင်ယူ ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးမည်ဖြစ်ပြီး ထိုလက်မှတ်ဖြင့် သတ်မှတ်ထားသော နည်းပညာနှင့် သက်မွေးသင်တန်းများ  ဆည်းပူးသင်ယူနိုင်ရန် အခွင့်အလမ်းရရှိနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ကျောင်းသား ကျောင်းသူ များ ပညာသင်ယူခွင့် မဆုံးရှုံးစေရေး အခြေခံပညာအထက်တန်း ကျောင်းများကို ပြန်လည်ဖွင့်လှစ် လျက်ရှိရာ  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ကျောင်းအုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘအုပ်ထိန်းသူပြည်သူများ အားလုံး လိုက်နာ ဆောင်ရွက်၍ သင်ကြားသင်ယူကြရန် အရေးကြီးပါကြောင်း၊ ယခုအချိန်ကာလတွင် ကျောင်းသား ကျောင်းသူများ၏ ကျန်းမာရေး၊ လုံခြုံဘေးကင်းရေး၊ သင်ယူတတ်မြောက်မှု အရည်အသွေး ကောင်းမွန်ရေးတို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်းအကောင်းဆုံးဖြင့် အပင်ပမ်းခံဆောင်ရွက် ပေးနေကြသည့် ဆရာဆရာမများအားလုံးကို အထူးကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ကူးစက်မြန်ရောဂါဖြစ်၍ အလေးအနက်ထား၍ နေ့စဉ် ကျောင်းအဆင့် Check List ဖြင့်စစ်ဆေးရန်၊ zero reporting ကိုလည်း ပုံမှန်နေ့စဉ် တင်ပြရန်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်လေ့လာဆန်းစစ်သည့် အဖွဲ့များဖြင့် စစ်ဆေးရန်၊ Monitoring Squad များ ဖွဲ့စည်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း။ 

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကဏ္ဍအသီးသီးတွင် အခက်အခဲ၊ ပြဿနာ၊ စိန်ခေါ်မှုများဖြင့် ကြုံတွေ့ကြရပါကြောင်း၊ အခက်အခဲ စိန်ခေါ်မှုကြားမှ ကျောင်းနေအရွယ်ကလေးငယ်များ အားလုံး ပညာသင်ယူမှု မဆုံးရှုံးရေး၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး လုံခြုံဘေးကင်းသည့် အရည်အသွေး အကောင်းဆုံးရရှိစေရေးအတွက် အားလုံးလက်တွဲကာ စေတနာ၊ မေတ္တာ၊ ဂရုဏာတို့ဖြင့် ဆက်လက် ၍ ဝိုင်းဝန်းပူးပေါင်းကူညီ အားဖြည့်ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ပညာရေးမှူးရုံးနှင့်၊ ခရိုင်၊ မြို့နယ်၊ ကျောင်းများ အလိုက် ဝက်ဆိုဒ်များတည်ဆောက်အသုံးပြုကြရန်နှင့်၊ ဝက်ဆိုဒ်များတွင် ပညာရေးလှုပ် ရှားဆောင်ရွက်မှုများ၊ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန် အသိပေးနိုင်မည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အခြေခံပညာ အထက်တန်း ကျောင်းများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများအား အဆင်ပြေ ချောမွေ့စွာဖြင့် သင်ကြားသင်ယူခွင့်ရရှိရေးအတွက် ဆရာ၊ စာသင်ခန်း၊ သန့်စင်ခန်း၊ စာကြည့်တိုက်၊ သောက်သုံးရေ၊ အိုင်စီတီ၊ ဝန်ထမ်းအိမ်ရာများ စသည့်လိုအပ်ချက်များကို ပံ့ပိုးကူညီ ဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။

တာဝန်ရှိသူများအားလုံး ညီညီညွတ်ညွတ်စုပေါင်းအားဖြင့် ကျောင်းသား ကျောင်းသူများ အားလုံး တို့ကို လူသားကောင်းများ၊ ပူးပေါင်းဆောင်ရွက်တတ်သူများ၊ တာဝန်ယူတာဝန်ခံ ဆောင်ရွက်တတ် သူများ၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိသူများ ဖြစ်လာစေရေး ပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး  လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက မကွေးတိုင်း ဒေသကြီးအတွင်း ပညာရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးနေမှုများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးပညာရေးမှူး ဦးစိုးလွင်က ပညာရေးလုပ်ငန်းစဉ်များ ဆောင်ရွက် ထားမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာသည့် ဆရာဆရာမများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေး၍ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရေး မှာကြားသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးနည်းပညာ တက္ကသိုလ်၊ အစိုးရ နည်းပညာအထက်တန်းကျောင်း (မကွေး) များသို့သွားရောက်၍ ပါမောက္ခချုပ်များ၊ ကျောင်းအုပ် ကြီးများ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ သင်ကြားသင်ယူရေး၊ စီမံခန့်ခွဲရေးရာဆိုင်ရာ ကိစ္စရပ်များ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ကိုဗစ်ကာလအတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ 

အလားတူ ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် ကွန်ပျူတာတက္ကသိုလ် (မကွေး)၊ အစိုးရစက်မှု လက်မှုသိပ္ပံ(မကွေး)နှင့် မကွေးပညာရေး ကောလိပ်များသို့သွား ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)