နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကျိုင်းတုံပင်မဓာတ်အားခွဲရုံ၊မိုင်းပျဉ်းပင်မဓာတ်အားခွဲရုံဖွင့်ပွဲနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားစတင်ပို့လွှတ်ခြင်းအခမ်းအနားသို့တက်ရောက်ဖွင့်လှစ်မိန့်ခွန်းပြောကြား

ကျိုင်းတုံ   ဩဂုတ်  ၈

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက်ပိုင်းတွင် ၂၃၀ ကေဗွီ နမ့်စန် - မိုင်းပျဉ်း- ကျိုင်းတုံ မဟာဓာတ်အားလိုင်း (၁၅၁ ဒသမ ၈)မိုင်၊ ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ကျိုင်းတုံပင်မဓာတ်အားခွဲရုံ၊ ၂၃၀/၆၆/၁၁ ကေဗွီ ၆၀ အမ်ဗွီအေ မိုင်းပျဉ်းပင်မ ဓာတ်အားခွဲရုံ ဖွင့်ပွဲနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင် ပို့လွှတ်ခြင်း အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ် မိန့်ခွန်းပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတက မဟာဓာတ်အားလိုင်း၊ ပင်မဓာတ်အားခွဲရုံများ ဖွင့်ပွဲနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင်ပို့ လွှတ်ခြင်း အခမ်းအနား အဖွင့်မိန့်ခွန်း ပြောကြားရာတွင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ မဟာဓာတ်အားလိုင်း၊ ပင်မဓာတ်အားခွဲရုံများဖွင့်ပွဲနှင့် လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခြင်းအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း

(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၈ ရက်)

ယနေ့ ကျင်းပပြုလုပ်တဲ့ ရှမ်းပြည်နယ်၊ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ မဟာ ဓာတ်အား လိုင်းနဲ့ ကျိုင်းတုံပင်မ ဓာတ်အားခွဲရုံ၊ မိုင်းပျဉ်းပင်မဓာတ်အားခွဲရုံများ ဖွင့်ပွဲနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့ လျှပ်စစ်ဓာတ်အား  စတင် ပို့လွှတ်ခြင်းအခမ်းအနားသို့  ကြွရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား မိဘပြည်သူများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဧည့်သည် တော်များအားလုံးကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါ တယ်ခင်ဗျာ။

ယခင်ကဆိုရင် ဒီဇယ်ဓာတ်အားပေးစက်များ၊ အသေးစား ရေအားလျှပ်စစ်    စက်များနဲ့ အချိန်ပိုင်းသာ ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ခဲ့တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေကို ယခုဆိုရင် နိုင်ငံတော်ဓာတ်အားစနစ်ကနေပြီး ၂၄ နာရီပတ်လုံး ဓာတ်အား ဖြန့်ဖြူးပေးနိုင်ပြီ ဖြစ်ပါတယ်။ ယခုလို ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေကို ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးပေး နိုင်ဖို့အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဟာ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ ၂၃၀ ကေဗွီ မဟာ ဓာတ်အားလိုင်းနဲ့ မိုင်းပျဉ်းနဲ့ ကျိုင်းတုံပင်မဓာတ်အားခွဲ ရုံကြီးများ အသစ်တည်ဆောက် ခြင်းအပြင်၊ နမ့်စန်မြို့က မူလရှိပြီးသား ၁၃၂ ကေဗွီ ဓာတ်အားခွဲရုံကို ၂၃၀ ကေဗွီအဆင့်သို့ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း တွေကိုပါ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရဟာ နိုင်ငံတော် ကဏ္ဍပေါင်းစုံမှ ဘက်စုံဖွံ့ဖြိုး တိုးတက် စေရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေးနဲ့ သောက်သုံးရေရရှိရေးတို့ကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်လျက်ရှိရာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေဖို့ နိုင်ငံတစ်ဝန်းလုံးမှာ လမ်းကွန်ရက်များ ဖြန့်ကြက်တည်ဆောက်နေသလို လျှပ်စစ်ဓာတ်အား ရရှိရေးအတွက်ကိုလည်း အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါ တယ်။ နိုင်ငံအနှံ့ဖြန့်ကြက်ပြီး ဓာတ်အားပေး စက်ရုံ စီမံကိန်းများ၊ မဟာဓာတ်အားလိုင်းနဲ့ ပင်မဓာတ်အားခွဲရုံစီမံကိန်းများကို နှစ်စဉ် နှစ်တိုင်း ဘဏ္ဍာငွေအမြောက်အများ အသုံးပြုပြီး အကောင်အထည်ဖော် တည်ဆောက်ပေးလျက်ရှိတယ်။  

နိုင်ငံတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် လျှပ်စစ်ဓာတ်အားရရှိရေးဟာ အခြေခံအကျဆုံးလိုအပ် ချက်ဖြစ်တာ ကြောင့် ကျွန်တော်တို့အစိုးရအနေနဲ့ တစ်နိုင်ငံ လုံးကို လျှပ်စစ်ဓာတ်အား လိုအပ်ချက် အတိုင်း ပြည့်မီစွာထုတ်လုပ်ပေးနိုင်ရေး ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ အစိုးရ တာဝန်ယူ ဆောင်ရွက်ခဲ့တဲ့အချိန်ကစလို့ နိုင်ငံတော်ရဲ့ ဘဏ္ဍာရန် ပုံငွေအသုံးစရိတ်များကို လျှပ်စစ်ကဏ္ဍအတွက် ဦးစားပေး ခွဲဝေသတ်မှတ်ပေးခဲ့ပြီး လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၂၀ ပြည့်နှစ် ဇွန်လအထိ ၄ နှစ်ကျော် ကာလအတွင်း စုစုပေါင်း (၂၀၀၅) မဂ္ဂါဝပ်ကို တိုးတက် ထုတ်လုပ်ပေးနိုင်ခဲ့ပြီလည်း ဖြစ်တယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအားလုံး ဟန်ချက် ညီညီ ဖွံ့ဖြိုးတိုးတက်အောင် တိုင်းရင်းသားလူမျိုးများအားလုံး သာတူညီမျှဖြစ်အောင် ကဏ္ဍ ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဓာတ်အားပေးစက်ရုံများ တိုးချဲ့ တည်ဆောက်ခဲ့တာ နဲ့အညီ ထုတ်လုပ်ပေးခဲ့တဲ့ဓာတ်အားများကို သုံးစွဲသူများအသုံးပြု နိုင်ရေး အတွက် ၂၀၁၆ ခုနှစ်မှစတင်၍ ၄ နှစ်ကျော်ကာလအတွင်း ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ၊ ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း စုစုပေါင်း (၃၃၉၄၉) မိုင်ကျော်နှင့် ခွဲရုံများ အနေဖြင့် (၂၁၃၉၀) အမ်ဗွီအေကို တိုးချဲ့တည်ဆောက် ပေးနိုင်ခဲ့ပါ တယ်။

ဒါ့ကြောင့်လည်း နိုင်ငံတော်အနေနဲ့ နိုင်ငံတစ်ဝန်းလုံးသို့ လျှပ်စစ်ဓာတ်အား ပိုမို ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်၊ မတ်လမှာ အများဆုံးဝန်အား (၂၈၀၀) မဂ္ဂါဝပ် သုံးစွဲနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် အများဆုံးဝန်အား (၃၈၂၈) မဂ္ဂါဝပ် သုံးစွဲ လျက်ရှိပါတယ်။ ကျွန်တော်တို့အစိုးရ စတင်တာဝန်ယူစဉ်က တစ်နိုင်ငံလုံးလျှပ်စစ်သုံးစွဲသူ (၃၄ %) အထိသာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ရာမှ ယခုဆိုရင် တစ်နိုင်ငံလုံး လျှပ်စစ် သုံးစွဲသူ (၅၄ %) အထိ တိုးတက်ဖြန့်ဖြူးနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး ရာနှုန်းပြည့် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး မဟာဗျူဟာ ချမှတ်ဆောင်ရွက်လျက်ရှိပါ တယ်။ ကျွန်တော်တို့အစိုးရရဲ့ ရည်မှန်းချက် ဖြစ်တဲ့ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေးနဲ့ ဓာတ်အားပိုမိုဖြန့်ဖြူး နိုင်ရေး ဆောင်ရွက်ပေး နိုင်ခဲ့တဲ့အတွက် ပြည်သူ လူထုရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနဲ့ ရင်းနှီး မြှုပ်နှံမှုများကိုလည်း များစွာတိုးတက်စေ ခဲ့ပြီ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်ကို ကြည့်မယ်ဆိုရင်လည်း ၂၀၁၆ ခုနှစ်မှာ (၁၆၅) မဂ္ဂါဝပ်သာ သုံးစွဲနိုင်ခဲ့ရာမှ ယခု ၂၀၂၀ ပြည့်နှစ်မှာ (၂၅၆) မဂ္ဂါဝပ်ခန့်အထိ တိုးတက်သုံးစွဲလာနိုင် ခဲ့တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ ၂၀၁၆ ခုနှစ်၊ မတ်လမှာဆိုရင် (၂၅.%) ကိုသာ နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်ခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ်မှာဆိုရင် (၄၅.%) အထိ လျှပ်စစ်ဓာတ်အား ရရှိအောင် ဆောင်ရွက်နိုင် ခဲ့ပြီ လည်းဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ရှမ်းပြည်နယ် အတွင်း (၅၀ %) အထိ လျှပ်စစ်ဓာတ်အား တိုးတက်ဖြည့်ဆည်းပေးနိုင်ရေး ကိုလည်း ကြိုးပမ်း ဆောင်ရွက် လျက် ရှိပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထား တဲ့နိုင်ငံ ဖြစ်တဲ့အတွက် မိမိတို့အားလုံး ပြည်ထောင်စုစိတ်ဓာတ် ကိုယ်စီကိုယ်ငှထားရှိကြ ရန်လည်း အထူးလိုအပ်ပါတယ်။ တိုင်းရင်းသားများ နှစ်ပေါင်းများစွာ လိုလားတောင့်တနေကြတဲ့ တိုင်းရင်း သားများရဲ့ အခြေခံအခွင့်အရေးများ၊ တန်းတူညီမျှရေးများကို ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အတူ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ကလည်း အားလုံးဝိုင်းဝန်းပူးပေါင်းပြီး တက်ညီလက်ညီ ဆောင်ရွက် သွားကြမှသာ မျှော်မှန်းထားကြတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပန်းတိုင်ကို ရောက်ရှိ ကြမှာဖြစ်ပါတယ်။ ပြည်ထောင်စုအတွင်း မှီတင်း နေထိုင်ကြတဲ့ တိုင်းရင်းသား များအားလုံး တူညီသောအကျိုး၊ တူညီသောအလုပ်နဲ့ တူညီသော ရည်ရွယ်ချက်တွေ အတွက် ညီညီညွတ်ညွတ် ဆောင်ရွက်သွားကြ မယ်ဆိုရင် ပြည်ထောင်စုရဲ့နယ်မြေများဖြစ်တဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး ဟန်ချက် ညီညီ ဖွံ့ဖြိုးတိုးတက်သွားမှာဖြစ်ပြီး ဒီဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကိုလည်း ကိုယ်စီကိုယ်ငှ သာတူညီမျှ ရရှိခံစားကြရမှာ ဖြစ်ပါတယ်။

ဒီနေ့ကျင်းပတဲ့ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲ ရုံများ ဖွင့်ပွဲဟာဆိုရင် ရှမ်းပြည်နယ် အရှေ့ပိုင်းကို လွတ်လပ်ရေးရပြီးချိန်ကအစပြုလို့ ပထမဆုံး အကြိမ် ၂၄ နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်တဲ့ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်အောင်၊ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး လူမှုစီးပွားဘဝမြင့်မားအောင်၊ ဆောင်ရွက်ပေးနိုင်မယ့် အခြေ အနေကောင်း၊ အခွင့်အလမ်းကောင်း တစ်ရပ်ကိုလည်း ရောက်ရှိသွားပြီဖြစ်ပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ယနေ့ဖွင့်လှစ် လိုက်တဲ့ ၂၃၀ ကေဗွီဓာတ်အားခွဲရုံကို ဗဟိုပြုလို့ တာချီလိတ်-မိုင်းခုတ်-မိုင်းဆတ်-မိုင်းဝ ဒေသများသို့ ဓာတ်အား လိုင်းများ တိုးချဲ့တည်ဆောက်ပြီး   ရှမ်းပြည်နယ်တစ်ခုလုံး ဓာတ်အားစနစ်နဲ့ချိတ်ဆက် နိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြည်ထောင်စုတစ်ဝန်းလုံး ပြည်ထောင်စုစိတ်ဓာတ်များ ပြည်ထောင်စု အင်အားများ လက်တွဲမဖြုတ်စတမ်း ချိတ်ဆက်ထားပြီး ငြိမ်းချမ်းသာယာဝပြောတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကို တက်ညီလက်ညီ တည်ဆောက်ပေးကြပါလို့ အလေးအနက်ဆန္ဒပြုအပ်ပါကြောင်းပြောကြားသည်။

 

ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေကို ရှင်းလင်းတင်ပြ သည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ရေးလုပ်ငန်းမှ ရရှိသော အကျိုးကျေးဇူးများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် မြို့မိမြို့ဖ ဦးစိုင်းအောင်ခမ်းက ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ကျိုင်းတုံပင်မဓာတ်အားခွဲရုံအပေါ်ထပ် ရှုရပ် နေရာမှ ပင်မဓာတ်အားခွဲရုံ၏ Switch Yard အား ကြည့်ရှုသည်။

ထို့နောက် နိုင်ငံတော်သမ္မတ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့သည် ကျိုင်းတုံ ပင်မဓာတ်အားခွဲရုံ Control Room သို့ ရောက်ရှိကြ ပြီး စက်ခလုတ်နှိပ်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ် အား စတင်ပို့လွှတ်ပေးကြသည်။

ယင်းနောက် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီးတို့က ၂၃၀ ကေဗွီ နမ့်စန် - မိုင်းပျဉ်း - ကျိုင်းတုံ မဟာဓာတ်အားလိုင်း (၁၅၁ ဒသမ ၈)မိုင်၊ ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ကျိုင်းတုံပင်မဓာတ်အားခွဲရုံ၊ ၂၃၀/၆၆/၁၁ ကေဗွီ ၆၀ အမ်ဗွီအေ မိုင်းပျဉ်းပင်မ ဓာတ်အားခွဲ ရုံဖွင့်ပွဲနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အား စတင်ပို့လွှတ်ခြင်း အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က ၂၃၀/၆၆/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ကျိုင်းတုံပင်မဓာတ် အားခွဲရုံ ကမ္ပည်းကျောက်စာကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည် ပက်ဖျန်း ပေးကြသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် တက်ရောက်လာကြသည့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ကျိုင်းတုံမြို့ Amazing Kengtong Resort ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌများ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မိမိတို့အားလုံးသည် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြပြီး နိုင်ငံတော်မှချီးမြှင့်သည် လစာစရိတ်၊ အဆောင်အယောင်များကို ခံစားနေကြသူများဖြစ်ကြပါကြောင်း၊ ထို့ကြောင့် မိမိတို့သည် ဝန်ထမ်းများ လိုက်နာရမည့် တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာပြီး နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေ ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်တည် ဆောက်ရန် သန္နိဋ္ဌာန် ချမှတ်ထားပြီး ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းဖြင့် ပြည်ထောင်စုစနစ်ကို ခိုင်မာစေမည်ဖြစ်ပြီး ပြည်ထောင်စုစနစ် တည်ဆောက်ခြင်းဖြင့် ဒီမိုကရေစီ အုတ်မြစ်ခိုင်မာလာမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများက ဦးစီးဦးဆောင်ပြုသော်လည်း ဝန်ထမ်းများ၏ မောင်းနှင်အားသည် အဓိကဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ မောင်းနှင်အား ကောင်းမွန်မှုအပေါ် မူတည်ပြီး နိုင်ငံတော်၏ ဒီမိုကရေစီယန္တရား မြန်ဆန်ကောင်းမွန်မည် ဖြစ်ပါကြောင်း။

နိုင်ငံသားတိုင်း တရားမျှတမှုကို ခံစားခွင့်ရှိသည့်အတွက် ဝန်ထမ်းများအနေဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးရာတွင် တရားမျှတမှုဖြင့် အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုမျိုး ပေးစေလိုပါကြောင်း၊ မိမိကိုယ်ကို မိမိ အုပ်ချုပ်သူအဖြစ် မမြင်စေလိုဘဲ ပြည်သူကို အလုပ် အကျွေးပြုသူအဖြစ် ပြောင်းလဲကျင့်သုံးခံယူရန် လိုအပ်ပါကြောင်း၊ အရာထမ်း၊ အမှုထမ်းများ အနေဖြင့်လည်း အပြန်အလှန် နားလည်မှုဖြင့် ညီရင်းအစ်ကို မောင်ရင်းနှမသဖွယ် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကဏ္ဍပေါင်းစုံ ပြုပြင်ပြောင်းလဲ ရာတွင် မိမိတို့၏ အလေ့အကျင့် အလေ့အထများကို ခေတ်စနစ်နှင့်အညီ ခေတ်ရေစီးကြောင်း အပြောင်းအလဲ အပေါ် မူတည်၍ လိုက်ပါပြောင်းလဲရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပြုပြင် ပြောင်းလဲရခြင်း သည် ရတောင့်ရခဲ အချိန်အခါကောင်းတွင် ဆောင်ရွက်ရခြင်းဖြစ်သည့် အတွက် အားလုံး တက်ညီလက်ညီ လိုက်ပါ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

ထို့ပြင် ငြိမ်းချမ်းသာယာဝပြောပြီး တန်းတူရည်တူအခွင့်အရေးရှိသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် လူမျိုး၊ ဘာသာ၊ ဒေသ၊ နယ်မြေ မခွဲခြား ဘဲ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် တိုက်တွန်း လိုပါ ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ကျိုင်းတုံမြို့မှ တပ်မတော်အထူးလေယာဉ် ဖြင့် ထွက်ခွာကြရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။

(သတင်းစဉ်)