ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးသစ် အဆောက်အအုံ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း

(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၅ ရက်)

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးသစ် အဆောက်အအုံဖွင့်ပွဲ အခမ်းအနားကို ကြွရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ၊ တက်ရောက်လာကြသူများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ကျွန်တော် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က နိုင်ငံတော်နဲ့ နိုင်ငံသားများအကျိုးကို ရှေးရှုပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနဲ့ တိုက်ဖျက်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကော်မရှင်က ပေးပို့လာတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ဒီဥပဒေမှာ အဂတိလိုက်စားမှုများနှင့် စပ်လျဉ်း၍ ကော်မရှင်အား လုပ်ပိုင်ခွင့်များ ကျယ်ကျယ်ပြန့်ပြန့် အပ်နှင်းထားပြီး လွတ်လွတ်လပ်လပ် စီမံဆောင်ရွက်ခွင့် ပေးပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အရေးယူ နိုင်တဲ့ အဖွဲ့အစည်းအဖြစ်လည်း ခွင့်ပြုထားပါတယ်။

ဒါ့အပြင် ကျွန်တော့်အနေနဲ့ ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတ အဖြစ် ကတိသစ္စာပြုခဲ့စဉ်က အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရပါလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များအား တွေ့ဆုံခဲ့စဉ်ကလည်း အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကော်မရှင်အဖွဲ့ ခွဲများထားရှိရန်၊ ကော်မရှင် အနေဖြင့် လုပ်ငန်းတာဝန်များကို မျက်နှာကြီးငယ်မလိုက် ဆူကြုံနိမ့်မြင့်မရွေး တိတိကျကျ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရန်စတဲ့ ရှင်းလင်း တိကျတဲ့ မူဝါဒများကိုလမ်းညွှန်ခဲ့ပါတယ်။ ကော်မရှင်အနေနဲ့လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဘက်စုံထောင့်စုံမှ ကိုယ်ရောစိတ်ပါ ကြိုးစားအကောင်အထည်ဖော် နေတဲ့အတွက် အသိအမှတ်ပြုကြောင်း ပြောကြားလိုပါတယ်။

နောင်အစိုးရအဆက်ဆက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အရှိန်အဟုန် မပျက်စေရန်အတွက် အမျိုးသားအဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာ ရေးဆွဲနိုင်ရန် ကော်မရှင်ရဲ့ ကြိုးပမ်းအားထုတ်မှုများကိုလည်း အားပေးပါတယ်။ ကမ္ဘာ့နိုင်ငံများနည်းတူ မိမိတို့နိုင်ငံတွင်လည်း အဂတိလိုက်စားမှုကို တားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်းနှင့် တရားစွဲဆိုအရေးယူခြင်းတို့ဖြင့် ဆောင်ရွက်နေခြင်းမှာ ခေတ်စနစ် နှင့်အညီ ပြုပြင်ပြောင်းလဲ နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ နှစ်ကာလရှည်ကြာစွာ အမြစ်တွယ်ရှင်သန်နေတဲ့ အဂတိ လိုက်စားမှုပြဿနာများကို ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံရေးစိတ်ဆန္ဒ ပြင်းပြစွာဖြင့် ကိုင်တွယ်ဖြေရှင်းပေးနေစဉ် အခုလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးသစ် အဆောက်အအုံကို သီးသန့် ဖွင့်လှစ်ပေးနိုင်ခြင်းဟာ မြန်မာနိုင်ငံရဲ့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးသမိုင်းမှာ မှတ်တိုင်တစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အစိုးရလက်ထက်မှာ ဖွင့်လှစ်ပေးနိုင်တဲ့ ဒီရုံး အဆောက်အအုံသစ်ဟာ အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) အဖွဲ့ဝင်နိုင်ငံများမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများရဲ့ အခြေခံ အဆောက်အအုံများနဲ့ တန်းတူညီတူရှိသော ရုံးတစ်ရုံး ဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရလက်ထက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်ရုံးဖွဲ့စည်းပုံကိုလည်း တိုးချဲ့ ဖွဲ့စည်းခွင့်ပြုခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်း ဒေသကြီးတို့မှာ ကော်မရှင်ရုံးခွဲများ ဖွင့်လှစ်ပေးခဲ့ခြင်းနှင့် နေပြည်တော်တွင် ယနေ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ရုံးသစ်ဖွင့်လှစ်ခြင်းတို့ဖြင့် ကော်မရှင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများနဲ့ လူသားအရင်းအမြစ် လိုအပ်ချက်များကို အတော်အတန် ပြည့်စုံအောင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများ ယခုထက် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် ယခုနှစ်အတွင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တို့မှာလည်း ကော်မရှင် ရုံးခွဲများကို ဆက်လက်ဖွင့်လှစ်ရန် ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ အဂတိလိုက်စားမှုဟာ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိကကျတဲ့ ခလုတ်တံသင်း တစ်ခု ဖြစ်ပါတယ်။ နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူလူထုရဲ့ လူနေမှုအဆင့်အတန်း မြင့်မားရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး တို့ကိုလည်း ထိခိုက်စေပါတယ်။ ဒါ့ကြောင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနဲ့ တိုက်ဖျက်ရေးလုပ်ငန်း တို့ကို မြှင့်တင်ကြိုးပမ်း ဆောင်ရွက်ရာတွင် အစိုးရဝန်ကြီးဌာနများနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးကလည်း စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းကြစေလိုကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။