ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ အမရပူရမြို့နယ် ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး တာရိုးကျိုးပေါက်မှုကြောင့် ဧရာဝတီ မြစ်ရေဝင်ရောက်မှုအား တားဆီးပိတ်ဆို့နိုင်မှုနှင့် ကမ်းနားလမ်း ပြန်လည် တည်ဆောက်ပြီးစီးမှု အခြေအနေများ သွားရောက်ကြည့်ရှု

နေပြည်တော်   ဇူလိုင်   ၂၁

မန္တလေးတိုင်းဒေသကြီး၌ ရောက်ရှိနေသည့် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အမရပူရ မြို့နယ် ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး တာရိုးကျိုးပေါက်မှုကြောင့် ဧရာဝတီ မြစ်ရေ ဝင်ရောက်မှုအား တားဆီးပိတ်ဆို့နိုင်မှုနှင့် ကမ်းနားလမ်း ပြန်လည်တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုကြသည်။

ဒုတိယသမ္မတသည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် စီမံခန့်ခွဲမှုကော်မတီဝင် ဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဒေါက်တာကျော်လင်း၊ တာဝန် ရှိသူများ နှင့်အတူ နံနက် ၉ နာရီတွင် အမရပူရမြို့ ရွှေဂဲရေဆိုးထုတ်စက်ရုံ အနီး ပြန်လည် ပြုပြင်တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူများက မြစ်ရေ ဝင်ရောက်မှုအား တားဆီးပိတ်ဆို့ နိုင်မှုအခြေအနေ၊ ကမ်းနားလမ်း ပြင်ဆင်ပြီးစီးမှု အခြေအနေ၊ မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းနိုင်မည့် အခြေအနေတို့အား ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက လမ်းတာ ခိုင်ခံ့စေ ရေးအတွက် လတ်တလောတွင် Sheet Pile ရိုက်၍ ကျောက်ကြီးများ၊ သဲအိတ်များခင်းပြီး မော်တော်ယာဉ်များ သွားလာနိုင်ရေး ဆောင်ရွက်နေသည့်အခြေအနေနှင့် မိုးကုန်ပါက တာဘောင်အား အသစ်ပြန်လည်တည်ဆောက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းပေးသည်။

ထို့နောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များဖြင့် အမရပူရမြို့မှ ထွက်ခွာရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။

ဇူလိုင် ၁၉ ရက် ညနေပိုင်းတွင် ဧရာဝတီမြစ်ရေစတင်စိမ့်ဝင်ခဲ့ပြီး ရွှေဂဲရေဆိုး ထုတ်စက်ရုံအနီး တာရိုးကျိုးပေါက်မှုနှင့် ကမ်းနားလမ်းပြိုကျမှု ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် Poly Felt များကာ၍ သဲအိတ်ဖိခြင်းလုပ်ငန်းများနှင့် ကျောက်ကြီးများ ဖြင့် လမ်းတာဖို့ခြင်း လုပ်ငန်း များကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီး ယခုအခါ မော်တော်ယာဉ်များ ပုံမှန်ပြန်လည် ဖြတ်သန်းမောင်းနှင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)