ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ အမရပူရမြို့နယ် ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး တာရိုးကျိုးပေါက်မှု၊ ကမ်းနားလမ်း ပျက်စီးမှုနှင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှု

 

နေပြည်တော်   ဇူလိုင်   ၂၀

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် အမရ ပူရမြို့နယ် ရွှေဂဲရေဆိုးထုတ်စက်ရုံ အနီး တာရိုး ကျိုးပေါက်မှု၊ ကမ်းနားလမ်းပျက်စီးမှုကို သွားရောက် ကြည့်ရှု စစ်ဆေး၍ လမ်းညွှန်မှာကြား ပြီး ကယ်ဆယ်ရေးစခန်းများသို့ သွားရောက် ထောက်ပံ့ အားပေးကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတသည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒေါက်တာ ဝင်းမြတ်အေး၊ စီမံခန့်ခွဲမှု ကော်မတီဝင် ဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဦးစိုးအောင်၊ တာဝန်ရှိသူ များနှင့်အတူ အမရပူရမြို့ ရွှေဂဲရေဆိုးထုတ်စက်ရုံ ယာယီရှင်းလင်း ဆောင်သို့ ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီး မြို့တော်ဝန် ဒေါက်တာ ရဲလွင်နှင့် တာဝန်ရှိသူများက ဧရာဝတီ မြစ်ရေ စတင်စိမ့်ဝင်မှု၊ တာရိုးကျိုးပေါက်မှု ၊ ကမ်းနားလမ်းပျက်စီးမှု အခြေအနေ၊ ထပ်မံတိုက်စားပြိုကျပျက်စီးမှုမဖြစ်စေရေး စီမံဆောင်ရွက်နေမှုအခြေအနေ၊ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ အမြန်ဆုံး စတင်နိုင်ရန် အစီအမံများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြ သည်။

ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတ က လတ်တလော ပျက်စီးမှုများ ထပ်မံမဖြစ်ပွားစေရေး Poly Felt များကာ၍ သဲအိတ်ဖိခြင်းလုပ်ငန်းများအမြန်ဆုံး တည် ဆောက်သွားရေး၊ ကျောက်ကြီးများဖြင့် လမ်းတာဖို့ခြင်းလုပ်ငန်း များ ဆောင်ရွက် သွားရေး၊ ရေရှည်တွင် ပန်းတာများ တည်ဆောက်သွားရေး၊ ပျက်စီး ခဲ့သည့် နေရာများကို အမြန်ဆုံး ပြန်လည် တည်ဆောက်နိုင်ရေး၊ ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် လိုအပ်သော စက်ယန္တရားများနှင့် ပစ္စည်းများကို ဝိုင်းဝန်းပံ့ပိုး ဖြည့်ဆည်းပေးရေးနှင် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းမှုကို ဦးစားပေး ဆောင်ရွက်ရေး ကိစ္စရပ်များကို မှာကြား သည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ရွှေဂဲရေထိန်းတံခါးအနီး တာရိုး ကျိုးပေါက် နေမှုနှင့် မြို့ပတ်လမ်း ပျက်စီးနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထား သည့် ဈေးချိုရပ်ကွက် ဦးလင်းဓမ္မာရုံနှင့် မှန်တန်းရပ်ကွက် ရန်အောင်မြင်ဓမ္မရုံသို့ ရောက်ရှိကြပြီး ရေးဘေးသင့် အိမ်ထောင်စု များနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။

တွေ့ဆုံစဉ် ဒုတိယသမ္မတက ရွှေဂဲရေထိန်း တံခါးအနီး တာရိုးကျိုးပေါက်သည့် နေရာကို မိမိတို့ရောက် ရှိခဲ့ပါကြောင်း၊ တာရိုးကျိုး ပေါက်သည့်နေရာကိုလည်း အမြန်ဆုံး မူလအခြေအနေပြန်ဖြစ်စေရန် ဝိုင်းဝန်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ထောက်ပံ့မှုများကိုလည်း အတတ်နိုင်ဆုံး ဆောင်ရွက် ပေးသွားမည်ဖြစ်၍ စိတ်အားမငယ်ကြစေလိုပါကြောင်း။

ရာသီဥတု အနေအထားများသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုဆိုးရွားလာပါ ကြောင်း၊ ယခုကဲ့သို့ ဘေးအန္တရာယ်ဖြစ်လာသည့်ကိစ္စကို မည်သို့မျှရှောင်လွှဲ၍ မရပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် သဘာဝဘေးအန္တရာယ်များကို ရေရှည်တွင် ဆက်လက် ရင်ဆိုင်ကြရမည်ဖြစ်ပြီး စိန်ခေါ်မှုများစွာ ရှိပါကြောင်း၊ မည်သို့ပင် ဒုက္ခများတွေ့ကြုံရ သော်လည်း စိတ်ဓာတ်မကျရန် လိုအပ်ပါကြောင်း၊ အားလုံး ဝိုင်းဝန်းကြိုးစား ကြရမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်များ ရင်ဆိုင် ကြုံတွေ့ နေရသည်ကို မိမိအနေဖြင့် ကိုယ်ချင်း စာမိပါကြောင်း၊ ကယ်ဆယ်ရေးစခန်း များ၌ နေထိုင်စဉ်ကာလ တွင်လည်း ကျန်းမာရေးကို ဂရုစိုက်၍ ကျန်းမာရေး အသိရှိစွာ နေထိုင်ကြစေလိုပါကြောင်း။

ကာလတစ်ခုအထိ ကယ်ဆယ်ရေးစခန်း၌ နေထိုင်ရချိန်တွင် စိတ်ရှည်သည်းခံ ပေးကြရန် မေတ္တာရပ်ခံလိုပါ ကြောင်း၊ ကယ်ဆယ်စခန်း၌ ရှိနေချိန်နှင့် မိမိနေရာများသို့ ပြန်လည်ရောက်ရှိ သည့်အချိန်များတွင် လိုအပ်သည့် အကူအညီများနှင့် ထောက်ပံ့မှုများ ကို ဆက်လက် ကူညီဖြည့်ဆည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ မိမိနေရာ များသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ကြပါစေဟု ဆုတောင်း အပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးတို့က ရေဘေးသင့် အိမ်ထောင်စု များထံ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများကို ပေးအပ်လှူဒါန်းကြသည်။

ညနေပိုင်းတွင် ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးတို့ သည် တာရိုးကျိုးပေါက်မှုနှင့် ကမ်းနားလမ်းပျက်စီးမှုများအား စက်ယန္တရားများဖြင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါက ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး တာရိုးကျိုးပေါက်၍ မြစ်ရေဝင်ရောက်မှု ကြောင့် ယဉ်တော်ကျေးရွာ အုပ်စု၊ မှန်တန်းရပ်ကွက်၊ ကျန်တန်းရပ်ကွက်၊ ဈေးချို ရပ်ကွက် နှင့်ငယ်တိုင်ရပ်ကွက်များရှိ အိမ်ထောင်စု များကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရာချထား ပေးခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)