ဖားကန့် ဇွန် ၂၉
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဖားကန့်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက် (၁၁)နာရီက သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြ သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးများသည် မိုးညှင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် အတူ မြို့နယ်ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းမှ ဖားကန့်-လုံးခင်းလမ်းပိုင်း (မော်ဝမ်းရပ်ကွက်၊ ရှမ်းမဆီဆိုင်မှ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအထိ) အရှည်ပေ(၉)ထောင်ကျော်ကို လမ်းအကျယ်(၂၄)ပေရှိ ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဖားကန့်မြို့အဝင် လမ်းကျဉ်းသည့် နေရာ၌ တောင်နံရံအားဖြို၍ လမ်းတိုးချဲ့ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန် ရှိသူများနှင့် အတူ မော်ဝမ်းရပ်ကွက်အတွင်း ရပ်မိရပ်ဖများ၏ တင်ပြချက်အရ ဌာနဆိုင်ရာရုံးများနှင့် ဒေသခံပြည်သူများ နေထိုင်လျက်ရှိ သည့်လမ်း၊ မူရင်းနှစ်ခြင်းအသင်းတော် ဘုရားကျောင်းသွားလမ်းတို့အား ကွန်ကရစ်လမ်းခင်းကျင်း ဆောင်ရွက်ပေးနိုင်ရေး နှင့် ရပ်ကွက်အတွင်း ရေနုတ်မြောင်းများ ဖောက်လုပ်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (ဖားကန့်)ရုံး၌ အသင်းဒုတိယဥက္ကဋ္ဌ ဦးဇော်ရှန်လွမ်း၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဖားကန့်မြို့၌ ကျောက်မျက် အရောင်းစင်တာ ဖွင့်လှစ်၍ ရောင်းချနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အရောင်းစင်တာနှင့် ဈေးဆိုင်ခန်းများ တည်ဆောက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးသည် ဆိပ်မူကျေးရွာအုပ်စုအတွင်း မှော်ရှမ်းကျေးရွာဆိုင်းဘုတ်မှ ဆိုင်အောင်ကျေးရွာအထိ (၁)မိုင်၊ (၅)ဖာလုံခန့် ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရွက်မည့်နေရာနှင့် သာယာကုန်းကျေးရွာ၊ ဆိပ်မူရှောင်ကွင်းလမ်းအနီး ရတနာအဓိပတိကုမ္ပဏီနှင့် နေလပွင့်ကုမ္ပဏီတို့မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် အကေးရှားသစ်ပင် (၂၅၂၀)ပင် စိုက်ပျိုးထားရှိမှု အခြေအနေများ၊ ဆိပ်မူကျေးရွာ၊ ရပ်ကွက်(၁)နှင့် ရပ်ကွက် (၃)ကြားရှိ ဝှေခါ ချောင်းကူးတံတား ပြုပြင်တည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီး က ပြည်သူများသွားလာမှု လွယ်ကူစေရေး လမ်း၊ တံတားများ ခိုင်ခန့်ကောင်းမွန်စွာ တည်ဆောက်သွားရေး၊ ထို့အပြင် ဖားကန့်ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြန်လည် စိမ်းလန်းစိုပြေလာစေရေးအတွက် ဌာနဆိုင်ရာအဖွဲ့ အစည်းများနှင့် သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် ဒေသခံများ၊ အဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက်ပူးပေါင်း၍ အလေးထားလုပ်ဆောင်ကြရေး တိုက်တွန်းမှာကြား ခဲ့သည်။
ထို့နောက် မှော်မောင်မှော်တွင် ကချင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (KNDPC) မှ ရေဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိသော ရေထုတ်မြောင်းအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက ဖားကန့်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည့် နေရာများအား စနစ်တကျ ကွင်းဆင်းစစ်ဆေး၍ တားဆီးကာကွယ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရှိရေးနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)