အုတ်တွင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

အုတ်တွင်း ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်နိုင်မှု တိုးတက်မြင့်မားရေးအသိပညာ‌ပေးဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်က ကျောင်းရှစ်ဆယ်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီက ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက်  စိုက်ပျိုးရေး၊ မွေးမြူရေးများဖွံ့ဖြိုးတိုးတက်စေရေး၊  ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မားလာစေရေးအတွက် လိုအပ်သည်များအား ဖြည့်ဆည်းညှိနှိုင်းပံ့ပိုး ဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လာရောက်တွေ့ဆုံ ဆွေးနွေးဆောင်ရွက်ခြင်းဖြစ်ကြောင်း မိဘပြည်သူများအနေဖြင့်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များအား  ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်ဆန်းဦးက စိုက်ပျိုးရေးကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဆန်းငြိမ်းဇော်က လယ်ယာမြေအသုံးချမှုနှင့်လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍လည်းကောင်း၊ ဆည်မြောင်းဦးစီးဌာနမှ AE ဦးသစ်လွင်က စိုက်ပျိုးရေပေးဝေမှုအခြေအနေများအားလည်းကောင်း သီးသီးရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံ တောင်သူများက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ခင်ခင်မာ (ပြန်/ဆက်)