ဖြူး ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် စေတနာရှင်ပြည်သူများ၏ စုပေါင်းအလှူငွေများဖြင့် ဆောင်ရွက်ထားသည့် ဖြူးမြို့ ကုတင်(၁၀၀) ဆံ့ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံ (MOPP) အား ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကို ယနေ့၊ မွန်းလွဲ (၁)နာရီအချိန်က ဖြူးပြည်သူ့ဆေးရုံခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အမှာစကားပြောကြားပြီး အောက်ဆီဂျင်စက်ရုံ စီမံခန့်ခွဲရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးကိုကိုမောင်က အောက်ဆီဂျင်စက်ရုံ တည်ဆောက်ခဲ့ပုံနှင့် လွှဲပြောင်းပေးအပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အောက်ဆီဂျင်စက်ရုံ (MOPP) နှင့် စက်ပစ္စည်းများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား အောက်ဆီဂျင်စက်ရုံ စီမံခန့်ခွဲရေးကော်မတီ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ရာ ဖြူးမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံအုပ်ကြီး ဒေါက်တာအာကာက လက်ခံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံ (MOPP) အား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် လိုအပ်မှုများကို အဆင်ပြေစေရေး အတွက်ရည်ရွယ်ကာ မြို့မိမြို့ဖများ၊ ပရဟိတအဖွဲ့များက ဦးဆောင်ကာ အလှူရှင်များ၏ စုပေါင်းအလှူငွေများဖြင့် အောက်ဆီဂျင်စက်ရုံကို (၉-၇-၂၀၂၁)ရက်နေ့က စတင်ကာ အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှစ၍ ယနေ့ထိ လည်ပတ်နေလျက်ရှိရာ လီတာ (၄၀) အောက်ဆီဂျင်အိုး ပျမ်းမျှအားဖြင့် တစ်လလျှင် (၂၅၀) ထုတ်လုပ်နိုင်ကြောင်း ဖြူးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)