မိတ္ထီလာ ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး တင်ဒါအောင်မြင်သည့်ကုမ္ပဏီများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်က ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ၊ တိုင်းဒေသကြီး အစိုးရရန်ပုံငွေတို့ဖြင့် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက် ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးလက်ရေရရှိရေးလုပ်ငန်းနှင့် ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ရာ ၎င်းလုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။ ယင်းနောက်သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးများနှင့် တင်ဒါအောင်မြင်သည့် MTK Global Engineering ၊ Thant Construction ၊ ထွန်းငွေခိုင်၊ လင်းလက်ပိုင်၊ T&T Myanmar Construction ၊ A&A Star ၊ Royal We ၊ Bihope World ၊ Triple Thar ၊ Aquifer ကုမ္ပဏီတို့က လုပ်ငန်းဆောင်ရွက်သွားမည်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တင်ပြမှုအပေါ် ဒုတိယညွှန်ကြားရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာခရိုင်အတွင်း၌ ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ် ၂၂၈.၈၈၂ သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း ၄ လမ်း၊ ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ၄၆.၃၇၂ သန်းဖြင့် Slab Culvert ၁၁စင်းနှင့် ရေကျော် တစ်စင်း၊ ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ် ၁၈၃.၄၅၀၀ သန်းဖြင့် တွင်းနက်နှစ်တွင်း၊ အိမ်သွယ်ရေတိုင် ၄ ခု၊ ရေသန့်စင်စနစ် တစ်ခုတို့အား ဆောင်ရွက်သွားမည်ဖြစ်သည်။ ၎င်းအပြင် တိုင်းဒေသကြီးအစိုးရရန်ပုံငွေ ကျပ် ၁၁၆.၅၂၇၃ သန်းဖြင့် ကျေးလက် ကုန်ထုတ်လမ်း ၂ လမ်း၊ တိုင်းဒေသကြီးအစိုးရရန်ပုံငွေ ကျပ် ၂၃.၆၉၇ သန်းဖြင့် SlabCulvert ၄ စင်းနှင့် ရေကျော် တစ်စင်း၊ တိုင်းဒေသကြီး အစိုးရရန်ပုံငွေကျပ် ၂၁.၃၂၅၀ သန်းဖြင့် တွင်းတိမ် တစ်တွင်းတို့အား ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)