မုံရွာ ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ၅/၂၀၂၂ ကြိမ်မြောက် အစည်းအဝေးကို ဇွန်လ(၂၈)ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေး ခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း လာရောက်လည်ပတ် တည်းခိုနေထိုင်ကြမည့် ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည်များ ဘေးကင်းလုံခြုံစွာဖြင့် စိတ်ချမ်းမြေ့ပျော်ရွှင်စွာ သွားရောက်လည်ပတ်နိုင်ရေး၊ ခရီးသွားလုပ်ငန်း များ ပုံမှန်ပြန်လည်လည်ပတ်နိုင်ပြီး လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး၊ အဆင်ပြေချောမွေ့ရေးတို့အား တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းများ ပြန်လည်ရှင်သန်လာရေးနှင့် ခရီးသွားများ ယုံကြည်စိတ်ချစွာ လည်ပတ်တည်းခိုနေထိုင်ရေးတို့အတွက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ခရီးသွားတတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းကိုယ်စားလှယ်များ၊ ခရီးသွားနဲ့ဆက်စပ်တဲ့ ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လာရောက်ကြသော မသန်စွမ်းခရီးသွားများအတွက် အတားအဆီးမဲ့သွားလာနိုင်ရေး ခရီးသွားပတ်ဝန်းကျင်ကောင်းများရှိလာစေရန် စစ်ကိုင်းမြို့ရှိ မင်းကွန်းဒေသ(၄)ဌာန ဦးဆောင်ဆရာတော်များ၊ ဂေါပကအဖွဲ့များနှင့် Wheel Chair များလှူဒါန်းနိုင်ရေးနှင့် Wheel Chair လမ်းများအတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမြင့်စိန်က တိုင်းဒေသကြီးအတွင်း ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် ပေးထားမှုအခြေအနေ၊ မေလအတွင်း ဟိုတယ်/တည်းခိုရိပ်သာ စည်ပင်သာယာလိုင်စင် တည်းခိုခန်းများတွင် ဧည့်သည်ဝင်ရောက်တည်းခိုမှု အခြေအနေနှင့် တိုင်းဒေသကြီးအတွင်းရှိ ထင်ရှားသည့် ခရီးစဉ်များကို ခရီးသွားများ လာရောက်လည်ပတ်မှုအခြေအနေ၊ မေလအတွင်း ခရီးသွားဝင်ရောက် တည်းခိုမှုအခြေအနေများနှင့် ခရီးလည့်လည်ရေး ကုမ္ပဏီလုပ်ငန်းလိုင်စင် လျှောက်ထားလာခြင်းအား ခွင့်ပြုပေးရေး တင်ပြချက်များနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းများရှင်များက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြ သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ခရီးသွား ဇုန် ၆ ဇုန်တွင် ဧည့်သည်ဝင်ရောက်မှုအနေဖြင့် ပြည်တွင်း - ၃၅၈၀၃ ဦး၊ ပြည်ပ - ၅၁၆ ဦး၊ စုစုပေါင်း - ၃၉၀၁၉ ဦး ဝင်ရောက်ခဲ့ရာ တစ်ရက်လျှင်ပျမ်းမျှ- ၂၅ ဦးခန့်လာရောက် လည်ပတ်ခဲ့ပြီး ဝင်ငွေရရှိမှုမှာ ကျပ်သန်းပေါင်း- ၄၈၇.၉၈ သန်းနှင့် ဒေါ်လာ - ၁၂၂၃၅ ရရှိကာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဟိုတယ်/တည်းခိုရိပ်သာ - ၆၀ လုံးအား အသိမှတ်ပြုလက်မှတ်များ ထုတ်ပေးထားကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်။