မြင်းခြံမြို့နယ်၌ ယူးရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မြင်းခြံ ဇွန် ၂၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီသည့် မြေဩဇာများ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရန်ရည်ရွယ်၍ ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့နေ့လယ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းစိန်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်သက်နွယ်က ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချမည့်အစီအစဉ်များ၊ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်းပြောကြား သည်။

ထို့နောက် တက်ရောက်လာသောတာဝန်ရှိသူများက တောင်သူများကို ဈေးနှုန်းသက်သာစွာ ဖြင့် ဖြန့်ဖြူးရောင်းချပေးမည့် ယူရီးယားမြေဩဇာများကို သတ်မှတ် အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ရန် သက်ဆိုင်ရာကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ထံသို့ ဝယ်ယူခွင့် လက်မှတ်စာအုပ်များ၊ ဝယ်ယူရမည့် ဆိုင်လိပ်စာများနှင့် လျှောက်လွှာပုံစံများကို လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်သက်နွယ်ထံက သိရသည်။

ကျော်စွာ(မြင်းခြံ)