တာမွေ ဇွန် ၂၈
၂၀၂၂ ခုနှစ် ယမန်နေ့တွင် ကျရောက်ခဲ့သည့် မြန်မာ့ဂီတနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ နိုင်ငံ ဂီတအစည်းအရုံး(တာမွေမြို့နယ်)မှ စီစဉ်ကျင်းပသော “မြန်မာ့ဂီတနေ့” ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် ဓမ္မဒါနလမ်းရှိ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ဂီတအလင်္ကာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ ဥက္ကဋ္ဌ ဂီတစာဆိုဦးလွင်မြင့်က “မြန်မာ့ဂီတနေ့” ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ဂီတအစည်းအရုံး (တာမွေမြို့နယ်)မှ အတွင်းရေးမှူး ဒေါ်အယ်လ်ဆိုင်းရာက ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (တာမွေမြို့နယ်)သို့ အလှူငွေများ ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများအား မြန်မာနိုင်ငံ ဂီတအစည်းအရုံး (တာမွေမြို့နယ်)မှ အဖွဲ့ဝင်များက “မြန်မာ့ဂီတနေ့” ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂီတပညာရှင်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။
နိုင်လင်းအောင် (တာမွေ)