သာပေါင်း ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတတ်စေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ ထွန်ယက်ကြဲပက် ထည့်သွင်းစိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ ငါးဘတ်ချောင်းကျေးရွာ ကွင်းအမှတ်(၈၁၁)၊ ဦးပိုင်အမှတ် (၉/၁)၊ ဧရိယာ(၅)ဧက၊ တောင်သူဦးဌေးလွင် လယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထွန်ယက် ထည့်သွင်းကြဲပတ် စိုက်ပျိုးပွဲအခမ်းအနား ကျင်းပပြုလုပ်ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကော်မတီအတွင်းရေးမှူး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးသန့်ဇင်မှ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိတိုးလာခြင်း၊ သွင်းအားစု ဓာတ်မြေဩဇာ လျှော့ချသုံးစွဲနိုင်ခြင်း၊ သီးနှံအရည်အသွေး တိုးတက်ကောင်းမွန်လာခြင်းစသည့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ မေလဆန်းဝန်းကျင်တွင် တစ်ဧက(၄)ပြည်နှုန်း ကြဲပက်စိုက်ပျိုးရန်၊ အစိုဓာတ် လိုအပ်ပါက ရေခပ်ပါးပါး တစ်ကြိမ်သွင်းပါ၊ စိုက်ပြီး(၄၀-၄၅)ရက်သား အချိန်သည် နိုက်ထရိုဂျင်ထုတ်လုပ်မှု အမြင့်မားဆုံးအချိန်ဖြစ်၍ ထယ်ထိုးမြေမြုပ်ပါ၊ မြေမြုပ်ထွန်မွှေပြီး (၂)ပတ်အကြာတွင် စပါးစိုက်ပျိုးနိုင်၊ သစ်စိမ်းမြေသြဇာ ထည့်သွင်းအသုံးပြုနည်း၊ သဘာဝမြေသြဇာပြုလုပ်နည်း၊ အီးအမ်ဘိုကာရှီဗေဒါသဘာဝမြေသြဇာ ပြုလုပ်ပုံများကို ရှင်းလင်းပြောကြားပြီး တောင်သူများအား ၂၀၂၂-၂၀၂၃ မိုးစပါး လျာထားဧက ပြည့်မီကျော်လွန်အောင် စိုက်ပျိုးရေး၊ သီးနှံအထွက်တိုးရေး၊ ရိုးပြတ်မကျန်ရှိအောင် စိုက်ပျိုးရေးတို့ကို အသိပညာပေး စည်းရုံးတိုက်တွန်းအားပေးပြီး ငါးဘတ်ချောင်းကျေးရွာ ကွင်းအမှတ်(၈၁၁)၊ ဦးပိုင်အမှတ်(၉/၁)၊ ဧရိယာ(၅)ဧက၊ တောင်သူဦးဌေးလွင် လယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထွန်ယက်ထည့်သွင်းကြဲပတ်ခြင်းတို့ကို မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးသန့်ဇင်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ အထောက်အကူပြုဝင်များ၊ တောင်သူများ၊ ကျေးလက်နေပြည်သူများ တတ်ရောက် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်