ဝိုင်းမော် ဇွန် ၂၇
ဝိုင်းမော်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မွေးမြူရေးလုပ်ကိုင်သူ တောင်သူများနှင့် ပူးပေါင်း၍ ကျွဲ၊ နွားများအတွက် တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးပွဲကို ဇွန် ၂၅ ရက် နံနက် (၉)နာရီက ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအတွင်းရှိ တောင်သူဦးအက်စ်ခေါတိန့်၏ ယာမြေ (၁)ဧက ပေါ်တွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အဆိုပါ မိုးရာသီတိရိစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးပွဲတွင် မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းအေး၊ ခရိုင်ဦးစီးမှူး ဒေါက်တာအက်စ်ယိန်းခေါ၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများက စုပေါင်း၍ မိုးရာသီ တိရစ္ဆာန်အစာ နေဗီယာမြက်ပျိုးပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ယင်းသို့ တိရစ္ဆာန်အစာပင်ကို ကိုယ်တိုင် စိုက်ပျိုးခြင်းအားဖြင့် မွေးမြူရေးလုပ်ငန်းတွင် ကျွဲ၊ နွားတိရစ္ဆာန်များအား အာဟာရတန်ဖိုးမြင့်မားသော အစာကို ကျွေးမွေးနိုင်ခြင်းကြောင့် ကြီးထွားနှုန်း မြင့်မားလာစေခြင်း၊ ထုတ်လုပ်မှုကောင်းစွာရရှိစေခြင်း၊ အစာကုန်ကျစရိတ်သက်သာစေသည့်အပြင် ဖူလုံလောက်ငှမှု ရှိလာစေခြင်းအတွက် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ကြောင်းကို တောင်သူများအား ဝန်ထမ်းများက အသိပညာပေး ဟောပြောခဲ့ကြသည်။
အဆိုပါ တိရစ္ဆာန်အစာမြက်ပျိုးပင်များကို မွေးမြူရေး လုပ်ကိုင်သူများထံ ဖြန့်ဝေပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိကြောင်းကိုလည်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရှိရသည်။
ဖြူစင်