ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဟင်္သာတခရိုင်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ပုသိမ် ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဇွန်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဇလွန်မြို့နယ်၊ မေရီလန်းကျေးရွာ တောင်သူဦးဝင်းမြင့်ဦး၏ လယ်မြေ (၁၂)ဧကတွင် ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန်အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းထွန်ယက်ခြင်းကို ကြည်ရှုအားပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ “သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီမြေသြဇာများ ပြန်လည်ကောင်းမွန်လာမှာ ဖြစ်ပါကြောင်း၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)တွင် နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက်စီယမ်များ ပါဝင်ပြီးဖြစ်၍ လယ်မြေအတွင်း ထည့်သွင်းအသုံးပြုခြင်းဖြင့် ဓာတ်မြေသြဇာ သုံးစွဲမှုများကို လျော့ချနိုင်မည်ဖြစ်ကြောင်း၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)များ စိုက်ပျိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန်လိုကြောင်း” တိုက်တွန်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊ တလိုင်းခုံကျေးရွာ တောင်သူဦးလှဝင်း၏ ယာမြေ (၁.၆၇)ဧကတွင် ၂၀၂၂-၂၀၂၃ မိုးရာသီ နေကြာမျိုးစေ့ထုတ် ထွန်တုံးပိတ် စိုက်ပျိုးပွဲ တက်ရောက်ခဲ့ပြီး နေကြာမျိုးစေ့ချ စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနမှူးမှ အင်္ဂပူမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ မိုးရာသီ နေကြာမျိုးစေ့ထုတ် စိုက်ပျိုးဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြစ်ထွန်းအောင်မြင်စေရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။

အလားတူ မြန်အောင်မြို့နယ်၊ ကန်ဇွန်းခုံကျေးရွာ တောင်သူ ဦးဝေစိုး၏ ယာမြေတွင် လည်းကောင်း၊ ကြံခင်းမြို့နယ်၊ ဆုံလဲကျေးရွာအုပ်စု တောင်သူစောမင်းထူး၏ ယာမြေတွင် မိုးရာသီ နေကြာမျိုးစေ့ထုတ် ထွန်တုံးပိတ်စိုက်ပျိုးပွဲ ကျင်းပခဲ့ရာ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့၀င်များနှင့် နေကြာစိုက်တောင်သူများ တက်ရောက်ခဲ့ကြ၍ ထွန်တုံးပိတ် စိုက်ပျိုးခဲ့ကြသည်။ တိုင်းဒေသကြီးအတွင်း ဟင်္သာတခရိုင်ရှိ ကြံခင်းမြို့နယ်၊ မြန်အောင်မြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့တွင် နေကြာမျိုးစေ့ထုတ် ဧက ၃၀၀၀ ကို ဇွန်လ ၃ ရက်နေ့တွင် စတင်စိုက်ပျိုးခဲ့ရာ ဧကအားလုံး ထွန်တုံးပိတ် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)