မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကြီးကြပ်အကဲဖြတ်ခြင်းဆိုင်ရာ စွမ်းရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

မကွေး ဇွန် ၂၇

မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကြီးကြပ်အကဲဖြတ်ခြင်းဆိုင် ရာ စွမ်းရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်  ၁၀ နာရီ အချိန်က မကွေးမြို့ အ.ထ.က(၁)ကျောင်း ပန်းဟေဝန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်အသီးသီးမှ ပညာရေးမှူးများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တွင် ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများသို့ သွားရောက်စစ်ဆေး ကြီးကြပ်အကဲဖြတ်မည့် ပညာရေးဝန်ထမ်းများအား တွေ့ဆုံရသည့်အတွက် များစွာဝမ်းမြောက်ရပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ အထက်တန်းအဆင့်ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင် ပညာရေးကျောင်းများ၏ သင်ကြားသင်ယူမှု၊ စိစစ်အကဲဖြတ်မှု၊ အညွှန်းကိန်းလုပ်ငန်းစဉ်များ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်မှုတို့အပေါ် ပုံမှန်စနစ်တကျ ကွင်းဆင်းကြီးကြပ် အကဲဖြတ်နိုင်ရန်အတွက် ရည်ရွယ်၍ ယခုလို အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရခြင်း ဖြစ်သည့်အပြင် အခြေခံပညာကျောင်းများတွင် စနစ်သစ် ပညာရေးဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းစဉ်များ၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးဘက်စုံပညာ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် များစွာ အထောက်အကူပြုစေမှာဖြစ်ပါကြောင်း၊ စနစ်သစ်ပညာရေး စတင်အကောင် အထည်ဖော်ချိန်မှ စ၍ နိုင်ငံတော်အစိုးရ အနေဖြင့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးထားသော်လည်း အသုံးပြု သင်ကြားမှု အားနည်းနေသည့်အတွက် ဘာသာရပ်၊ သင်ခန်းစာများနှင့် ကိုက်ညီမှုရှိသည့် သင်ထောက်ကူပစ္စည်းများအား ချိတ်ဆက်သင်ကြားနိုင်ရေး ကြီးကြပ်အကဲဖြတ်များ အနေဖြင့် ကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ပညာရေးဝန်ကြီးဌာအနေဖြင့် အမျိုးသား ပညာရည်မြင့်မားရေး အနှစ် (၃၀)စီမံကိန်းလုပ်ငန်းစဉ်များနှင့် ခေတ်စနစ်ဦးစားပေး အစီအစဉ်အရ  ပညာရေး အရည်အသွေး တိုးတက်မြင့်မားရေးလုပ်ငန်းများ တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း အလုပ်ရုံဆွေးနွေးပွဲ  အောင်မြင်စွာ ပြီးမြောက်ရေးအတွက် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကြီးကြပ် အကဲဖြတ်ခြင်းဆိုင်ရာ စွမ်းရည်မြှင့်အလုပ်ရုံဆွေးနွေးပွဲကို စတင်၍ (၂)ရက်တာ ဆွေးနွေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ