မိုင်းငေါ့မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းငေါ့ ဇွန် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် တိုက်နယ်ကျန်းမာရေးဌာနနှင့် ဌာနဆိုင်များပူး‌ပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် တစ်အိမ်တက်ဆင်း လိုက်လံ၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ လုပ်ငန်းများအား ယမန်နေ့နံနက်(၈) နာရီမှ စတင်၍ အဖွဲ့များခွဲကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်ကို ကျန်းမာရေးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်မှူးများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ်‌ တာလုံရပ်ကွက်နှင့် ပန်ဖဖာရပ်ကွက် အတွင်းရှိ နေအိမ်များအတွင်း အဘိတ်ဆေးခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအားရှင်းလင်းခြင်း၊ ရေလှောင်ကန်များ၊ ရေပုံများ၊  ရေမြောင်းများ၊ မိုးရေ၀င်နိုင်သည့် အိုးခြမ်းပဲ့၊ တာယာကွင်း စသည့် ခြင်ပေါက်ဖွားနိုင်သည့် နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်လျက်ရှိ‌ကြောင်း  တာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)