ပွင့်ဖြူ ဇွန် ၂၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်း(နှမ်းဖြူ) သီးနှံများ ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး ဒေသခံတောင်သူများက ပေါ်ဦးပေါ်ဖျား နှမ်းဖြူများကို ဆီကြိတ်ရောင်းချရာ နှမ်းဖြူဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၁၅၀၀ ဈေးဖြင့် ရောင်းချရသဖြင့် နှမ်းဖြူသီးနှံစိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် မဒဲကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။
"ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ဒေသမှာ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးထားရှိတဲ့ နွေနှမ်း(နှမ်းဖြူ) သီးနှံစိုက်ခင်းတွေ ရိတ်သိမ်းခြွေလှေ့နေကြပြီ ဖြစ်ပါတယ်။ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကလည်း မိုးစပါးနဲ့ အခြားမိုးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှ မိုးသီးနှံအတွက် စိုက်ပျိုးရေတွေလည်း ပေးဝေနေတာဖြစ်လို့ ဒေသခံတောင်သူတွေက နွေနှမ်းစိုက်တဲ့လယ်မြေတွေမှာ မိုးစပါးသီးနှံနဲ့ အခြားမိုးသီးနှံ စိုက်ပျိုးဖို့ သိမ်းဆည်းနေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဒေသမှာ နွေနှမ်းစိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှုလည်းရှိတာကြောင့် နှစ်စဉ်နှစ်တိုင်း ဒေသခံတောင်သူအများစုက နွေနှမ်းကို အားထားစိုက်ပျိုးကြပါတယ်။ နွေသီးနှံစိုက်ပျိုးရာသီမှာ အဓိကစိုက်ပျိုးတဲ့ နှမ်းမျိုးတွေကတော့ နှမ်းဖြူ၊ စမုံနက်၊ သိပ္ပံနှမ်းနက်၊ ရေဆင်း - ၁၄ နှမ်းမျိုးများကို စိုက်ပျိုးတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ဒေသမှာ နှမ်းဖြူ တစ်တင်းကို ငွေကျပ် ၆၁၀၀၀/- ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။ တစ်ခြား စမုံနက်နဲ့ အခြားသိပ္ပံနှမ်းနက်တို့က နှမ်းဖြူထက် ဈေးပိုရပါတယ်ဗျ။ ယခုနှစ်မှာ နှမ်းဖြူစိုက်ပျိုးတဲ့ တောင်သူတွေက ပေါ်ဦးပေါ်ဖျားမှာ နှမ်းဖြူကို ဆီကြိတ်ရောင်းချလျက်ရှိပြီး တစ်ပိဿာကို ငွေကျပ် ၁၁၅၀၀ ဈေးနဲ့ စားသုံးပြည်သူများက အကြိုက်တွေ့ ဝယ်ယူအားပေးတဲ့အတွက် စီးပွားရေး တွက်ခြေကိုက်နေကြတယ်။ နှမ်းဖြူကို ဆီကြိတ်ရောင်းချရာ၌ သစ်သားဆုံနဲ့ ကြိတ်တဲ့ ဆီတစ်ပိဿာကို ငွေကျပ် ၁၁၅၀၀ ဈေး ဖြစ်ပြီးတော့ စက်ကြိတ်ဆီဆိုရင် တစ်ပိဿာကို ငွေကျပ် ၉၅၀၀ ဈေးပဲ ရရှိတာဖြစ်ပါတယ်။ ဝယ်ယူအားပေးတဲ့ သူတွေကတော့ စက်ကြိတ်ဆီကို အဝယ်နည်းပြီး သစ်သားဆုံဆီကိုသာ အဝယ်များပါတယ်" ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူ ဦးကျော်ဆန်းက ရှင်းပြသည်။
ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆည်ရေသောက်ဧရိယာ အများဆုံး စိုက်ပျိုးထုတ်လုပ်သည့် မြို့နယ်တစ်ခုဖြစ်ကာ နှစ်စဉ် မဲဇလီရေလွှဲဆည်ရေဖြင့် ဒေသခံတောင်သူများက ဆန်စပါးရိက္ခာ ဖူလုံစေရေးအတွက် ဧရာမင်း၊ ရတနာတိုး၊ ပေါ်ဆန်းရင်၊ မနောသုခ စသည့် စပါးမျိုးများကို အများဆုံး စိုက်ပျိုးကြသည့်အပြင် ပြည်တွင်း ဆီစားသုံးမှု ဖူလုံစေရေးအတွက်ကိုလည်း နှမ်း၊ မြေပဲ၊ နေကြာသီးနှံနှင့် ပန်းနှမ်းများကို စိုက်ပျိုးထုတ်လုပ် လျက်ရှိကြောင်း သိရသည်။ စိုက်ပျိုးရေနှင့် ရာသီဥတုမျှတကောင်းမွန်မှုကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးသည့် သီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး သီးနှံအထွက်နှုန်းများ ကောင်းမွန်၍ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )