မလှိုင် ဇွန် ၂၇
မလှိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်ဖြင့် နေဗီယာမြက်မျိုးများ ထောက်ပံ့ပေးအပ်ပြီး သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရုံးပင်စောက်ကျေးရွာအုပ်စု၊ လိပ်ခွဲကျေးရွာ တောင်သူဦးအောင်ဝင်းလှိုင်၏ယာမြေတွင် သရုပ်ပြစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးတင်စိုးနိုင်က တောင်သူဦးအောင်ဝင်းလှိုင်ထံ နေဗီယာမြက်မျိုးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်ရုံးဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေး လုပ်သားအင်အား (၂ဝ)ဦးတို့ဖြင့် လိပ်ခွဲကျေးရွာ ကွင်းအမှတ်(၃၆၃)ရှိ တောင်သူဦးအောင်ဝင်းလှိုင်၏ ယာမြေ(၁)ဧကတွင် တိရစ္ဆာန်အစာပင် နေဗီယာမြက်မျိုးများကို သရုပ်ပြစိုက်ပျိုးခဲ့ကြသည်။
နေဗီယာမြက်သည် အာဟာရတန်ဖိုးပါဝင်မှုမြင့်မားခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်း၊ တစ်နှစ်ပတ်လုံးရိတ်သိမ်းကျွေးမွေးနိုင်ခြင်းတို့ကြောင့် တိရစ္ဆာန်အစားအစာဖူလုံမှုရှိစေပြီး မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်၊ အာဟာရတန်ဖိုးမြင့်မား၍ ထုတ်လုပ်မှုကောင်းမွန်သော တိရစ္ဆာန်အစာပင်များ စနစ်တကျ စိုက်ပျိုးသုံးစွဲလာနိုင်စေရန် ရည်ရွယ်၍ သရုပ်ပြစိုက်ပျိုးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)