မွန်ပြည်နယ်ဝန်ကြီးချုပ် နဝမအကြိမ်မြောက် မွန်ပြည်နယ် သံဃာ့ဝန်ဆောင်နှစ်ပတ်လည် အစည်းအဝေးတက်ရောက်

မော်လမြိုင် ဇွန် ၂၆

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဌာနဆိုင်ရာ များနှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ် သံဃာ့နာယကအဖွဲ့ရုံးတွင် ကျင်းပ ပြုလုပ်သည့် နဝမအကြိမ်မြောက် မွန်ပြည်နယ် သံဃာ့ဝန်ဆောင်နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်သည်၊၊

ရှေ့ဦးစွာ နဝမအကြိမ်မြောက် မွန်ပြည်နယ် သံဃာ့ဝန်ဆောင်အဖွဲ့သဘာပတိ မွန်ပြည်နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မော်လမြိုင်မြို့အဘယ သုတာရာမကျောင်းဆရာတော် ဘဒ္ဒန္တသာသန (ဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) က အဖွင့်သြဝါဒကထာမြွက်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ရှေ့ရှုတော်မူကြသော ပင်ပန်းနွမ်းနယ်မှုကို ဂရုမထားဘဲ ကြွရောက်တော်မူသော ဆရာတော် သံဃာတော် များကို စုံစုံညီညီဖူးမြော်ကြည်ညိုခွင့်ရသည့်အတွက် ကြည်နူးဝမ်းမြောက်ဖြစ်ရပါကြောင်း၊ ဆရာတော် သံဃာတော် အရှင်သူမြတ်များကလည်း ဓုရတာဝန်နှစ်ပါးကို ကျေပြွန်စွာ ထမ်းဆောင်ကြခြင်း ဒါယကာ၊ ဒါယိကာမများကလည်း ဆွမ်း၊ သင်္ဃန်း၊ ကျောင်း၊ ဆေးပစ္စည်းလေးပါးတို့ကို ထောက်ပံ့လှူဒါန်းခြင်းကြောင့် သာသနာတော်ကြီးနှစ်ပေါင်း ၂၅၆၅ နှစ်ကြာအောင်တည့်တံ့ ခဲ့ပြီးဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း၌လည်း ပြည်နယ်အတွင်းရှိ ဆွမ်းကွမ်းအခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များသို့ ဆွမ်းဆန် တော်၊ဆီ၊ဆား၊ပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တို၏လိုအပ်ချက် ဆုံးဖြတ်ချက် ညွှန်ကြားချက်များကို အာဏာစက်ဖြင့် ပံ့ပိုးကူညီပေးလျက်ရှိကြောင်း လျောက်ထား တင်ပြသည်၊၊ ဆက်လက်ပြီး ပြည်နယ်သံဃာ့နာယကအဖွဲ့၏ တစ်နှစ်တာလုပ်ငန်းဆောင်ရွက် ချက် အစီရင်ခံစာကို အကျိုးတော်ဆောင်ဆရာတော်ဘဒ္ဒန္တ စန္ဒောဘာသက ဖတ်ကြားတင်ပြပြီး အစီရင်ခံစာအပေါ် ဆွေးနွေးအကြံပြုတော်မူကြပြီး တာဝန်ရှိ ပုဂ္ဂိုလ်များက ပြန်လည်ရှင်းလင်း တော်မူကြသည်၊၊

ထို့နောက် သဘာပတိ ပြည်နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ မော်လမြိုင်မြို့ အဘယသုတာရာမ ကျောင်းဆရာတော် ဘဒ္ဒန္တသာသန (ဂန္တဝါစက ပဏ္ဍိတ၊အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ) က နိဂုံးချုပ် သြဝါဒကထာမြွက်ကြားကာ (ဇယန္တော ဗောဓိယာမူလေ) အစရှိသော နှစ်ဂါထာကို ရွတ်ဆို၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်၊၊

ခရိုင် (ပြန်/ဆက်)