သိန္နီမြို့နယ်တွင် ဆီထွက်သီးနှံ နေကြာအစေ့ထုတ် စံပြစိုက်ခင်းအား ကွင်းဆင်းစစ်ဆေး

သိန္နီ ဇွန် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် စယ်အူကျေးရွာတွင် စိုက်ပျိုးထားရှိသည့် တောင်သူနည်းပညာ ပြန့်ပွားရေးစင်တာ (Knowledge Center) တွင်  နေကြာမျိုးစေ့ထုတ်စိုက်ခင်းအား ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းနှင့် တာဝန်ရှိသူများက စိုက်ပျိုးထားရှိမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  လမ်းညွှန်ချက်ဖြင့် သိန္နီမြို့နယ်တွင် ဒေသတွင်းဝမ်းစာ ဆီဖူလုံနိုင်ရေးအတွက် နေကြာအစေ့ထုတ်စိုက်ခင်းများကို တောင်သူများ အနေဖြင့် ပိုမိုစိုက်ပျိုးလာရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ဦးချိုနိုင်ထွန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်အေးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသိန်းထိုက်တို့က သိန္နီမြို့၊ စယ်အူကျေးရွာ စိုက်ပျိုးရေးတောင်သူ ဦးထွန်းလူ စိုက်ပျိုးထားသော စံပြနေကြာမျိုးစေ့ထုတ် စိုက်ခင်းအား သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

သိန္နီမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသည် လာမည့်နှစ်တွင် နေကြာဆီထွက်သီးနှံများကို ပိုမိုစိုက်ပျိုး၍ ဒေသဝမ်းစာ ဆီများဖူလုံလာရေး၊ နေကြာစိုက်တောင်သူများ တိုးပွားလာရေးအတွက် စံပြစိုက်ခင်းများစိုက်၍ ဒေသခံတောင်သူများ ပါဝင်လာရေး ဆောင်ရွက်လျက်ရှိကြောင်း၊ နေကြာစိုက်ပျိုးရာတွင် ရက်ပေါင်း(၉၀)သာ ကြာမြင့်ပြီး တောင်သူများအနေဖြင့် မဖြစ်မနေ စိုက်ပျိုးသင့်သော ဆီထွက်သီးနှံဖြစ်ကြောင်းလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောသိန်းထိုက်ထံမှ သိရသည်။

စောဥမ္မာ(သိန္နီ)