မအီ ဇွန် ၂၆
မအီမြို့တွင် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရကျောင်းသူကျောင်းသားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို သုတဂဝေသီ ပညာရေးဖောင်ဒေးရှင်းမှ ယနေ့နံနက်(၉)နာရီတွင် မအီမြို့၊ အထက်တန်းကျောင်း၊ မြရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတွင် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုက အဖွင့်အမှာစကား ပြောကြားရာတွင် လူငယ်များသည် ဘဝအတွက် ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ထားရှိရမည်ဖြစ်ပါကြောင်း၊ ထားရှိသည့် ရည်မှန်းချက် ရည်ရွယ်ချက်များကို လမ်းကြောင်းမပျောက်စေရန် တစိုက်မတ်မတ် ကြိုးစားသွားရမည်ဖြစ်ကြောင်း၊ အများအကျိုး၊ နိုင်ငံ့အကျိုးကို မည်ကဲ့သို့ သယ်ပိုးဆောင်ရွက်မည်ဆိုသည့်စိတ် တည်ရှိနေရန် လိုအပ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများက ကိုယ်စီကြိုးပမ်းမှုများဖြင့် နိုင်ငံအတွက် အားကိုးအားထား ပြုထိုက်သည့် လူငယ်များဖြစ်လာစေရန် ကြိုးပမ်းသွားကြစေလိုပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မအီမြို့၊ အထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းက အထက(မအီ)၏ ပညာရေးအခြေအနေများကို ညှိနှိုင်းဆွေးနွေးတင်ပြသည်။
ဂုဏ်ပြုဆုများချီးမြှင့်
ဆက်လက်၍ သုတဂဝေသီပညာရေးဖောင်ဒေးရှင်းမှ ဂုဏ်ထူးရ ကျောင်းသူ/ကျောင်းသူ (၁၇)ဦးသို့ ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ရာတွင် (၁)ဘာသာလျှင် (၁)သိန်းကျပ်နှုန်းဖြင့် ဆုကြေးငွေ(၃၉)သိန်းကိုလည်းကောင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် မအီမြို့မှ ရပ်မိရပ်ဖ စေတနာရှင်အလှူရှင်များက ထောက်ပံ့ချီးမြှင့်ကြသည့် ဆုကြေးငွေ (၁၉၅၀၀၀၀) ကျပ်ကို တစ်ဦးလျှင် (၁၁၅၀၀၀)ကျပ်နှုန်းဖြင့် အညီအမျှခွဲဝေ၍လည်းကောင်း အသီးသီး ဂုဏ်ပြုချီးမြင့်ပေးခဲ့သည်။
ယင်းနောက် သုတဂဝေသီပညာရေးဖောင်ဒေးရှင်း အတွင်းရေးမှူး ကိုကျော်စွာထွန်းက ကျေးဇူးတင်စကားပြောကြားရာတွင် ဒေသတစ်ခုဖွံ့ဖြိုး တိုးတက်စေဖို့ရန် ပညာရေးမြင့်မားဖို့ အရေးကြီးဆုံးဖြစ်သည့်အတွက် ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိအကျိုး၊ အများအကျိုးသယ်ပိုးနိုင်အောင် ကြိုးစားကြစေလိုကြောင်း၊ ကြိုးစားနေကြသည့် ကျောင်းသူ/ကျောင်းသားများအတွက် သုတဂဝေသီပညာရေးဖောင်ဒေးရှင်းက လက်ကမ်းကြိုဆိုက်လျက် ရှိပါကြောင်းတို့ကို ပြောကြားရင်း အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။
မောင်မောင်ဌေး