ဟင်္သာတ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ထူးချွန်ဆုရ စာရေးဆရာများ ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် တတိယအကြိမ် စာပေညီလာခံ အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်း (ပန်းမြိုင်လယ်စိန်ဝင်း)က ဂုဏ်ပြုဆုပေးအပ်ပွဲ ကျင်းပရခြင်းအကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး ထူးချွန်ဆုရစာရေးဆရာများကိုတာဝန်ရှိသူများက အမှတ်တရဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ခဲ့ပြီး ဆုရရှိသူများကိုယ်စား စာရေးဆရာမ ခင်ရှင်စောက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ဆက်လက်၍ တတိယယအကြိမ် စာပေညီလာခံအတွေ့အကြုံရှင်းလင်းပွဲတွင် စာရေးဆရာကိုကျေး(ပျဥ်းမကုန်း)က တက်ရောက်ခဲ့သော စာပေညီလာခံအတွေ့အကြုံများကို အသေးစိတ်ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့်အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဟင်္သာတမြို့နယ်နှင့်ဇလွန်မြို့နယ်တို့မှ စာရေးဆရာအသင်းဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ