ကြာအင်းဆိပ်ကြီးမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ကြာအင်းဆိပ်ကြီး ဇွန် ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ အပူ ချိန်မြင့်မားလာမှုနှင့် ရာသီဥတုဖောက်ပြန်မှုအား ကြိုတင်ကာကွယ်နိုင်စေရေး အရင်းအမြစ်အားထိန်းသိမ်းနိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေသာယာလာစေရေးအတွက် နိုင်ငံတစ်ဝန်းလုံး၌ နှစ်ရှည်ပင်များနှင့် ရတနာတန်းဝင် အဖိုးတန်သစ်ပင်များအားစိုက်ပျိုးလျက်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က အမှတ်(၂)ရပ်ကွက်၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်းအတွင်းရှိ သောက်သုံးရေ သိုလှောင်ကန် ကန်ဘောင်ရိုးတစ်လျှောက်တွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းကို  တံတားနှင့်လမ်း၊ ဆေးခန်းနှင့်ကျောင်း၊ ဆည်မြောင်းနှင့်ရေကန်၊ သစ်ပင်ရံမှ သဏ္ဍာန်လှပ၊ ပနံရလိမ့်။ တစ်ရွာမှာတစ်ကန်၊ တစ်ကန်မှာ သစ်တော၊ တို့မြေမှာတို့တွေထိန်း၊ စိမ်းမြတဲ့တော ဟူသည့်ဆောင်ပုဒ်အတိုင်း ကြာအင်း ဆိပ်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သစ်တောဦးစီးဌာနရှိဝန်ထမ်းများမှ စုပေါင်း၍ မန်ဂျန်ရှား ပျိုးပင်(၅၀၀)ပင်အား ကန်ဘောင် ရိုးတစ်လျှောက် ထည့်သွင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး