ပုသိမ်မြို့ အမှတ် ၃၆ အကြီးစားစက်ရုံ (မှန်စက်ရုံ) ဝန်းအတွင်း မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ

ပုသိမ် ဇွန်  ၂၆

ပုသိမ်မြို့အမှတ် ၂ အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် ၃၆ အကြီးစားစက်ရုံ မှန်စက်ရုံဝန်းအတွင်း မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကျင်းပရာအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထွန်းဝင်း၊ ဧရာဝတီတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ တိုင်း၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအတွင်းမှ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းများ၊ NGO. အသင်း အဖွဲ့များနှင့် ကျေးရွာသူ/ သားများ တက်ရောက်ကြသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် လူ့စွမ်းအားအရင်းအမြစ်များ၊ သစ်တောသယံဇာတများ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ လူသားများစားဝတ်နေရေးအတွက် သဘာဝသစ်ပင် သစ်တောများမှ ထွက်ရှိတဲ့သယံဇာတများကို နေ့စဉ်သုံးစွဲလျက်ရှိကြရာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန်အတွက် တိုင်းဒေသကြီးအတွင်း နေထိုင်ကြသူများမှာ တာဝန်ရှိကြောင်း၊ သစ်ပင်များစိုက်ပျိုးတဲ့နေရာမှာ တစ်ပင်စိုက်တစ်ပင်ရှင်သန်အောင် ပြုစုပျိုးထောင်ကြရန်နှင့် တိရိစ္ဆာန်များ၏ ဖျက်ဆီးမှုများကို ကာကွယ်သည့်အနေဖြင့် အကာအရံများ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မီးဘေးစတဲ့ဘေးအန္တရာယ်များမှလဲ ကာကွယ်ထိန်းသိမ်းသွားကြဖို့ လိုအပ်ကြောင်း၊ ယခင်နှစ်များက စိုက်ပျိုးခဲ့တဲ့အပင်များ ရှင်သန်ကြီးထွားမှု ရှိ/မရှိ ပြန်လည်စစ်ဆေး ဆောင်ရွက်ခြင်းများ ပြုလုပ်သွားကြရန်လိုအပ်ပါကြောင်း မှာကြားခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှ ဦးဆောင်၍ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ လေတပ်စခန်းဌာန ချုပ်မှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ NGO အဖွဲ့များနှင့် စုပေါင်းကာ နှစ်ပေအထက် ပျိုးပင်များကို ပျော်ပျော်ပါးပါးစိုက်ပျိုးခဲ့ကြသည်။ ဆက်လက်၍ ဝန်ကြီးချုပ်ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ပုသိမ်မှန်စက်ရုံဝန်းအတွင်း ကျွန်း၊ ပျဉ်ကတိုး၊ မဟော်ဂနီ၊ ကံ့ကော်၊ စိန်ပန်းစသည့် ပျိုးပင်ပေါင်း (၃၀၀၀) ကို စုပေါင်းစိုက်ပျိုးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်