(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ရွှေ ၊ ငွေ ၊ ကြေး ဆုတံဆိပ်များ ရယူပေးခဲ့သော ရှမ်းပြည်နယ်မှ နိုင်ငံဂုဏ်ဆောင် အာကစားသမားများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလီဘောပြိုင်ပွဲဝင် အသင်းများအား ဂုဏ်ပြုကြိုဆို

တောင်ကြီး ဇွန် ၁၇

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ရွှေ ငွေ ကြေး ဆုတံဆိပ်များ ရယူပေးခဲ့သည့် ရှမ်းပြည်နယ်မှ နိုင်ငံဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် အမျိုးသား၊အမျိုးသမီး ဘောလီဘောပြိုင်ပွဲဝင် အသင်းများအား ဂုဏ်ပြုကြိုဆို မိတ်ဆက်ခြင်းကို ယမန်နေ့မွန်းလွှဲ () နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် တစ်ထောင့်တစ်နေရာမှ ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရှမ်းပြည်နယ် အနေဖြင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အားကစားသမားများ နေထိုင်စားသောက်ရေး၊ သွားလာရေး၊ လုံခြုံရေး စသည်တို့ကို အိမ်ရှင်အနေဖြင့် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လိုအပ်ချက်များရှိပါက အသင်းများမှ တွဲဖက်ပေးထားသည့် ဆက်ဆံရေးအရာရှိများမှတဆင့် ကော်မတီအသီးသီးနှင့် ဆက်သွယ်ပြီး အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလီဘောပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများသည် အရပ်အမောင်းနှင့်ခွန်အား သက်လုံ ဖွံ့ဖြိုးမှု အကောင်းဆုံး အရွယ်များဖြစ်သည့်အတွက် ထူးချွန်သည့် အားကစားသမားများဖြစ်အောင် မိမိတို့၏ ကျွမ်းကျင်မှု အရည်အသွေးများနှင့်ပေါင်းစပ်ပြီး အကောင်းဆုံးပုံဖော် ယဉ်ပြိုင်သွားကြရန်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြိုင်ပွဲကာလသာမက ပြိုင်ပွဲပြီးဆုံးသည့်အခါ မိမိတို့ နေရပ်၊နေရာများကို ပြန်ချိန်အထိ စိတ်ချမ်းသာပျော်ရွှင်စွာ ပြိုင်ပွဲဝင်နိုင်ရေးအတွက် အဖက်ဖက်မှ စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် အမျိုးသား၊အမျိုးသမီး ဘောလီဘော ပြိုင်ပွဲဝင် အသင်းများမှ အသင်းတစ်ဖွဲ့ခြင်း မိတ်ဆက်ကြပြီး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိသည့် အားကစားသမားများအား ဂုဏ်ပြုငွေ ချီးမြှင့်ပေးအပ်ရာ လှေလော်အားကစားနည်းဖြင့် ကြေးတံဆိပ်ဆုရရှိခဲ့သော ညောင်ရွှေမြို့နယ်မှ မစုစုလွင်အား ဂုဏ်ပြုဆုငွေကျပ် (၁၅) သိန်း၊ ဗိုဗီနမ် အားကစားနည်းဖြင့် ကြေးတံဆိပ်ဆုရရှိခဲ့သော ပင်လောင်းမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မဇင်မာခိုင်အား ဂုဏ်ပြုဆုငွေ ကျပ် (၁၅) သိန်း၊ ပိုက်ကျော်ခြင်း အားကစားနည်းဖြင့် ကြေးတံဆိပ် ဆုရရှိခဲ့သော လားရှိူးမြို့နယ်မှ မနန်းစုမြတ်စံအား ဂုဏ်ပြုဆုငွေ ကျပ် (၁၅) သိန်း၊ ပြေးခုန်ပစ် အားကစားနည်းဖြင့် ငွေတံဆိပ်ဆုရရှိခဲ့သော ရွာငံမြို့နယ်မှ  မဇင်မေထက်အား ဂုဏ်ပြုဆုငွေ ကျပ် (၂၀) သိန်း၊ ဗိုဗီနမ် အားကစားနည်းဖြင့် ရွှေတံဆိပ်ဆုရရှိခဲ့သော တောင်ကြီးမြို့နယ်မှ မောင်ဇော်ဇော်အား ဂုဏ်ပြုဆုငွေ ကျပ် (၂၅) သိန်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလီဘော ပြိုင်ပွဲဝင်အသင်းများအား ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ စားစရိတ်နှင့် ပြိုင်ပွဲကျင်းပစရိတ် ငွေကျပ် (၁၀၀) သိန်းအား၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ထောက်ပံပေးအပ်ရာ ပြည်နယ်အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့် အားကစားသမား အသီးသီးတို့ လက်ခံရယူကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲဝင် ဘောလီဘော အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံ နုတ်ဆက်ကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)