ပိုင်ကျုံ ဇွန် ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ဒေသနေပြည်သူများ လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန်ရညရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကိုယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နော်ခူးခူးက ပြည်သူများအသိပညာဗဟုသုတမြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ လူကုန်ကူးမှုသည် မူးယစ်ကုန်သွယ်မှုပြီးလျှင် ရှေ့တန်းရောက်နေ့သည့်ပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ လူကုန်ကူးမှုသည် လူသားမျိုးနွယ်စုတစ်ရပ်လုံးကိုခြိမ်းခြောက်နေသည့်အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်လည်းဖြစ်ကြောင်းနှင့် လူကုန်ကူးမှုဖြစ်ပေါ်သည့်အကြောင်းအရင်းများ ဆွေးနွေးခဲ့ကြောင်းသိရသည်။
ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာပေအသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများတိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကိုဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေး(Talk Show)ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
နော်ခူး(ပြန်/ဆက်)