ပုဇွန်တောင် ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့ က ပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်ခွင့် စာမေးပွဲအောင်စာရင်းကို မြို့နယ်ပညာရေးမှူးရုံးနှင့် အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းတို့တွင် ယနေ့ နံနက်ပိုင်းက ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၄) ကျောင်းရှိပြီး ယနေ့ နံနက်ပိုင်းက အောင်စာရင်း ထုတ်ပြန်ခဲ့ရာ စာရင်းရှိ(၁၀၇)ဦး၊ ဖြေဆိုသူ(၁၀၂)ဦးတွင် အောင်မြင်သူ (၃၅) ဦးရှိပြီး တစ်မြို့နယ်လုံးရာခိုင်နှုန်းအနေဖြင့် ၃၄ ဒသမ ၃၁ ရာခိုင်နှုန်း အောင်မြင်ကာ လေးဘာသာ(၁)ဦး၊ သုံးဘာသာ(၂)ဦး၊ တစ်ဘာသာ (၈)ဦး ဂုဏ်ထူးဖြင့် အောင်မြင်သူစုစုပေါင်း (၁၁) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းမှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ဖြေဆိုသူ (၂၈၁၇၅၁) ဦး၊ အောင်မြင်သူဦးရေ (၁၃၂၀၇၇) ဦးရှိကာ အောင်မြင်မှုရာခိုင်နှုန်းမှာ ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိပြီး ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ဖြေဆိုသူ (၃၃၄၄၇) ဦး၊ အောင်မြင်သူဦးရေ (၁၅၄၀၉) ဦးရှိကာ အောင်မြင်မှုရာခိုင်နှုန်း ၄၆ ဒသမ ၀၇ ရာခိုင်နှုန်းရှိကြောင်း သတင်းရသည်။
ဟန်စုယဉ်