ပခုက္ကူမြို့နယ်၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ပခုက္ကူ ဇွန် ၁၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၂  ခုနှစ်၊ မတ်လ(၃၁)ရက်မှ စတင်ဖြေဆို ခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၁၇ရက် နံနက်ပိုင်းက စာဖြေဌာနအလိုက် ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။

ပခုက္ကူမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာဖြေဌာန(၄)ခု သတ်မှတ်ခဲ့ပြီး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၉၆၈)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ (၃၂၁)ဦး အောင်မြင်လျက် ရှိသောကြောင့် အောင်ချက်ရာခိုင်နှုန်း (၃၃ ဒသမ ၁၆) ရှိကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူများမှ လေးဘာသာ ဂုဏ်ထူးရှင် (၂)ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် (၅)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် (၁၆)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင်(၇၃)ဦး စုစုပေါင်းဂုဏ်ထူးဖြင့် အောင်မြင်သူ(၉၆)ဦး ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

အလားတူ ပခုက္ကူခရိုင်အတွင်း မြို့နယ်(၅)မြို့နယ်ရှိ စာဖြေဌာန အသီးသီးတို့တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သည့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၉၀၁)ဦး ရှိပြီး (၉၁၈)ဦး အောင်မြင်ကြသောကြောင့် အောင်ချက် ရာခိုင်နှုန်းအနေဖြင့် (၃၁ ဒသမ ၆၄) ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)