ထားဝယ် ဇွန် ၁၇
တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏(၆/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းကိစ္စရပ်များနှင့်ပတ်သက်၍ စနစ်တကျနှင့် မှန်ကန်စွာလုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်ပြီး မမှန်မကန်လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက ရရှိလာသောအကျိုးဆက်သည် ရင်ဆိုင်ဖြေရှင်းရန် ခက်ခဲမှုနှင့်ကြုံတွေ့ရနိုင်ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများနှင့်ပတ်သက်၍ ဆုံးဖြတ်သည့်နေရာတွင်စနစ်တကျလုပ်ကိုင်ရန်၊ မှန်ကန်စွာနှင့် အများပြည်သူအတွက် အကျိုးရှိအောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တက်ရောက်လာသောဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မှန်ကန်မျှတစွာ ဥပဒေဘောင်အတွင်းက လုပ်ကိုင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးဆန်းလင်းဦးက ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြရာ ကော်မတီဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)