သွေးလွန်တုပ်ကွေးရောဂါနှင့် တိုင်းရင်းဆေးပညာ အသိပညာပေး Talk Show ပြုလုပ်

ဆိပ်ကြီးခနောင်တို ဇွန် ၁၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်နေ ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားရရှိစေရေးအတွက် အစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နေ့လယ် ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း စီစဉ်ပြုလုပ်သည့် “သွေးလွန်တုပ်ကွေးရောဂါနှင့် တိုင်းရင်းဆေးပညာ” အကြောင်း အသိပညာပေး Talk Show ကို ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန( Community Center) ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ညိုညိုသင်းက သွေးလွန်တုပ်ကွေး ရောဂါ၏ အဓိပ္ပါယ်၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားတတ်သည့် အသက်အရွယ်၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်း၊ ရောဂါစတင် ခံစားရသည့် အချိန်၊ ရောဂါ လက္ခဏာများ၊ တိုင်းရင်းဆေးဖြင့် ရောဂါကုသပေးမှုအကြောင်း၊ ရောဂါဖြစ်ပွားချိန် ဆောင်ရန်/ရှောင်ရန် အချက်များနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားအောင် ပြုမူနေထိုင်ရမည့် အချက်များအား အသိပညာပေး ပြောကြားပေးခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလို အသိပညာပေး Talk Show များ ပြုလုပ်ပေးခြင်းအပြင်၊ အွန်လိုင်းမှတဆင့် စာအုပ်များ မိတ်ဆက်ဖတ်ပြပေးခြင်း၊ ကလေးငယ်များအတွက် ပုံပြင်ပြောပြပေးခြင်း၊ ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာအုပ်များအား စာဖတ်ပရိသတ်များ အလွယ်တကူ ငှားရမ်း ဖတ်ရှုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခြင်း၊ စာကြည့်တိုက်လာရောက်ရန် အခက်အခဲရှိသည့် စာဖတ်ပရိသတ်များ အတွက် အိမ်တိုင်ရာရောက် စာပေဝန်ဆောင်မှုပေးခြင်း၊ ကျောင်းသား ကျောင်းသူများအတွက် စာပေနှင့်ပတ်သက်သည့် ပြပွဲ၊ ပြိုင်ပွဲများအား ပြုလုပ်ပေးခြင်းဖြင့် ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားရရှိအောင် အစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ(IPRD)