အမာမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

အမာ ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ မြို့မ(၁) ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေး ရောဂါ မဖြစ်ပွားစေရန် ပိုးလောက်လမ်းသေဆေး (Abate) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လိုက်လံဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၈)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ပိုးလောက်လမ်းသေဆေး (Abate)ဆေး ခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လိုက်လံဆောင်ရွက်ရာတွင် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ အမှတ်(၁) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးနှင့် တာဝန် ရှိသူများသည် ရပ်ကွက်အတွင်း နေအိမ်များရှိ အုတ်ကန်၊ ရေစည်၊ ရေထည့်သည့်ခွက်၊ ရေအိုး၊ အုတ်ရေကန်ကြီးများ၊ ရေလှောင်ကန်များအတွင်း ပိုးလောက်လမ်းတွေရှိပါက ပိုးလောက်လမ်း သေဆေး (Abate) ဆေးခတ်ခြင်းများကို လိုက်လံဆောင်ရွက်ကြပြီး၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်‌ရေး အသိပညာပေးပြောကြားခြင်း စသည်တို့ ဆောင်ရွက်ခဲ့ကြပြီး ‌အခြားရပ်ကွက်များသို့လည်း နေ့ရက် အလိုက် အလှည့်ကျ ကွင်းဆင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း အမာမြို့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နော်လေး