ပင်းတယ ဇွန် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အနီးအနားရှိကျေးရွာများတွင် ဒေသထွက်သီးနှံများအား ရာသီအလိုက် စိုက်ပျိုးထားရှိရာ ယခုကာလထွက်ရှိသည့် နဂါးမောက်သီးများ မကြာမီစျေးကွက်အတွင်း ရောက်ရှိတော့မည်ဖြစ်သည်။
ပင်းတယမြို့နယ်ထွက် သဘာဝ(အော်ဂဲနစ်)နည်းပညာစနစ်များဖြင့် စိုက်ပျိုးထားသည့် နဂါးမောက်သီးနှံများမကြာမီ ဇူလိုင်လဆန်းပိုင်းတွင် စျေးကွက်အတွင်းရောက်ရှိတော့မည်ဖြစ်သည်။ စီးပွားဖြစ်စိုက်ပျိုးထားသည့် တော်ဝန်းနန်း စိုက်ပျိုးရေးခြံတွင် နိုင်ငံခြားမျိုးရင်းဝင်နဂါးမောက်သီးများ အပင်ရေ (၁၂၀၀) ခန့် စိုက်ပျိုးထားပြီး၊ မြန်မာနိုင်ငံ၏ တောတောင် ရေ မြေ သဘာဝနှင့်ကိုက်ညီသည့် စိုက်ပျိုးနည်းများဖြင့် စိုက်ပျိုးထားခြင်းဖြစ်ပြီး၊ အော်ဂဲနစ်စိုက်ပျိုးရေးခြံအဖြစ်၊ မှတ်တမ်းဝင်လက်မှတ်ရရှိထားကြောင်း နဂါးမောက်စိုက်ပျိုးသူ ခြံပိုင်ရှင်ထံမှသိရသည်။ အော်ဂဲနစ်နဂါးမောက် စိုက်ခင်းများမှထွက်ရှိသည့် ထိုင်းနိုင်ငံမျိုးရင်းနဂါးမောက် တစ်ပင်လျှင် အလုံးရေ ၂၀ ကျော် ထွက်ရှိပြီး၊ နဂါးမောက်သီးအလုံး ၃၀ ပါ တစ်သေတ္တာကို ကျပ်ငွေ ၁၂၀၀၀ ကျပ်ခန့် စျေးဦးပေါက်နေကြောင်း သိရသည်။ နဂါးမောက်စိုက်ပျိုးရာတွင် သဘာဝမြေဩဇာဖြစ်သည့်ကြက်ချေး၊ နွားချေး၊ ဖွဲပြာများကိုသာ အသုံးပြုစိုက်ပျိုးရသည်။ စိုက်ပျိုးပြီး ကာလ(၈)လ ခန့်ကြာလျှင်အသီးများရင့်မှည့်ခူးဆွတ်နိုင်ပြီး၊ ရေကြိုက်သော်လည်း ရေလောင်းသည့်အခါ ရေဝပ်အိုင်နေအောင် လောင်းစရာမလိုပေ။ အပင်ပိုးကျခြင်းဖြစ်သည့် မှိုရောဂါနှင့်ဘတ်တီးရီးယားရောဂါများ ကာကွယ်ရန်အထူးဂရုပြုရမည်ဖြစ်သည်။ ခရုတွယ်လျှင် ကောက်ယူ၍ အပင်နှင့်ဝေးရာသို့ လွှင့်ပစ်ရမည်ဖြစ်ပြီးအပင်ရင်းတွင် ကြက်ဥခွံချေ၍ လည်းကောင်း၊ ပြာများဖြင့်လည်းကောင်း ကျဲချပေးရမည်ဖြစ်သည်။
ပင်းတယမြို့နယ်အနီး တစ်ဝိုက်၊ ကျေးရွာများတွင် နဂါးမောက်သီးများ ဧကအများအပြားစိုက်ပျိုးထားရှိပြီးယခုရက်ပိုင်းတွင် နဂါးမောက်သီးစျေးကွက် တွင်အလုံးအရွယ်အစားပေါ်မူတည်၍ အသေး၊ အလတ်၊ အကြီး ဟူ၍ ကျပ်ငွေ ၃၀၀၊ ၄၀၀၊ ၅၀၀ အထိ ရှိကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များအားစိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာစနစ်များရယူ စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီစျေးကွက်အတွင်း ရောက်ရှိတော့မည်ဖြစ်ပြီး ပင်းတယမြို့မှတဆင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ စသည်မြို့ကြီးများသို့ တင်ပို့ရောင်းချတော့မည်ဖြစ်ကြောင်း သိရသည်။
အေးအေးလတ်