လသာမြို့နယ်တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

လသာ ဇွန် ၂

ရန်ကုန်အနောက်ပိုင်းခရိုင် လသာမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့်စား သုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များအား ယမန်နေ့ နံနက်က အမှတ် (၄) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် လသာလမ်းထိပ် (ကောင်းတုံကွမ်ယင်တရုတ်ဘုံ ကျောင်းရှေ့) ၌ လာရောက်ရောင်းချ ပေးနေကြောင်း သိရသည်။

ထိုသို့ ဈေးကားဖြင့် လာရောက်ရောင်းချသော အသင်းများနှင့် ဈေးဝယ်နေပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ဝယ်ယူနိုင်ရေးအတွက် ခေတ္တမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဌေးလင်းနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

အဆိုပါ ဈေးကားတွင် ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဧည့်မထဆန်  တစ်ပြည်လျှင်ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ ဖြင့် လည်းကောင်း၊ ပေါ်ဆန်း တစ်ပြည်လျှင်ငွေကျပ် ၁၇၀၀ နှုန်းဖြင့် ငါးပြည်တစ်အိတ်ကို ငွေကျပ် ၈၅၀၀ ဖြင့်လည်းကောင်း၊ ဆီငါးဆယ်သားတစ်ဘူးကို ငွေကျပ် ၂၇၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥဆယ်လုံးတစ်ကတ်ကို ၁၇၀၀ ကျပ် ဖြင့်လည်းကောင်း ဈေးနှုန်းချိုသာ စွာလာရောက်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

နီနီအောင်