မြစ်ကြီးနားမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်

မြစ်ကြီးနား ဧပြီ ၂၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို မြစ်ကြီးနားမြို့ မနောမြေအားကစားခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာမှ ညွှန်ကြားရေးမှူးဦးအောင်သူက နွေရာသီ အခမဲ့ အားကစားသင်တန်းကို အခြေပြု၍ ပြည်နယ်အတွင်း ရှေ့ဆက်ဆောင်ရွက်သွားမည့် ပြိုင်ပွဲများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး  ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဌေးကိုက အားကစားနှင့် ကာယသိပ္ပံကျောင်းအကြောင်း သိကောင်းစရာများအား လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်က ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြစ်ကြီးနားခရိုင် ဦးစီးမှူး ဦး‌ကျော်ထက်က အသိပညာတိုးပွားဖို့ စာဖတ်စို့ ခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲတွင် နွေရာသီ (အခမဲ့) အားကစားသင်တန်းများဖြစ်သည့် ကရာတေးဒို သင်တန်း၊ လက်ဝှေ့သင်တန်း၊ တိုက်ကွမ်ဒိုသင်တန်းတက်ရောက်နေသည့် သင်တန်းသား သင်တန်းသူ (၁၁၀) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ယော်ဆောင်(ပြန်/ဆက်)