မိတ္ထီလာ ဧပြီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်း ယမန်နေ့မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်က လေပြင်းတိုက်ခိုက်မှုကြောင့် မြို့ပေါ်ရပ်ကွက် (၃) ခု အတွင်းရှိ နေရာလေးခုတွင် သစ်ပင်များ ပြိုလဲပြီး လူနေအိမ်နှင့် လမ်းမပေါ်တို့ လဲကျသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းခဲ့ရကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အောင်ဆန်းရပ်ကွက်၊ မင်းခန့်ကျော်စက်သုံး ဆီဆိုင်အနီး မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းပေါ်သို့ လုံးပတ် ၆ ပေ၊ အမြင့် ပေ ၃၀ ရှိ ကုက္ကိုပင်လဲကျပြီး လမ်းပိတ်ဆို့ခြင်းများဖြစ်ပေါ်ခဲ့သည်။ ၎င်းအပြင် အောင်ဇေယျာရပ်ကွက် နယ်မြေ (၁၃) တွင် လုံးပတ် ၅ ပေ၊ အမြင့် ၂၅ ပေရှိ မန်ကျည်းပင်အခြောက် လူနေအိမ်ပေါ် လဲကျခြင်းနှင့် နယ်မြေ (၉)တွင် လုံးပတ် ၆ ပေ ၊ အမြင့် ပေ ၃၀ ခန့်ရှိ တရုတ်မန်ကျည်းပင်ကိုင်း ကျိုးကျပြီး ရေလောင်းအိမ်သာပေါ်သို့ လဲကျခြင်းများဖြစ်ပေါ်ခဲ့သည့်အပြင် မြို့မရပ်ကွက်၊ စည်ပင်သာယာဧည့်ရိပ်သာလမ်းပေါ်တွင် လုံးပတ် ၅ ပေ ၊ အမြင့် ၂၅ ပေရှိ တရုတ်မန်ကျည်းပင်မှ ကိုင်းကျိုးကျပြီး လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါ သစ်ပင်လဲကျရာ နေရာများသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ သွားရောက် ဖယ်ရှား ရှင်းလင်းခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)