ခရမ်း ဧပြီ ၂၁
ယခုအခါ ရာသီဥတုပူပြင်းသော နွေရာသီသို့ ကူးပြောင်းရောက်ရှိလာသောကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် ယမန်နေ့ ညနေပိုင်းက ခရမ်းမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာမှ မြို့နယ်အတွင်းလှည့်လည်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြတ်စိုးမိုးဦးဆောင်၍ တပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၁၃)ရပ်ကွက်အတွင်း ပြည်သူများမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင် မိမိတို့နေအိမ်ပတ်ဝန်းကျင်တွင် လောင်စာအမှိုက်များအား ရှင်းလင်းထားရန်၊ မီးဖိုများကို လုံခြုံစိတ်ချရအောင် သွပ်ပြားများကာရံအသုံးပြုကြရန်၊ မီးဖိုအနီးတွင်လောင်စာပစ္စည်းများ မထားရှိရန်၊ ဖယောင်းတိုင်မီး၊ အမွှေးတိုင်မီးနှင့် ခြင်ဆေးခွေမီးများကို မီးမလောင်စေနိုင်သည့် ပစ္စည်းများပေါ်တင်၍ အသုံးပြုကြရန်၊ မီးဖိုမီးနှင့်အခြားမီးများ အသုံးပြုလျှင်လည်း သတိနှင့် အသုံးပြုကြရန်၊ အသုံးပြုပြီးလျှင် သေချာစွာငြိမ်းသတ်ခဲ့ရန်၊ လျှပ်စစ်မီးအသုံးပြုပါက ပျက်စီးယိုယွင်းနေသော မီးဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်သည့်ပစ္စည်းများကို အသုံးမပြုကြရန်၊ လျှပ်စစ်မီးအသုံးပြုပြီးလျှင် မီးခလုတ်၊ မီးပလပ်များပိတ်ရန်၊ ဖြုတ်ရန် အပြင်ထွတ်သည့်အချိန်တွင် မိမိတို့နေအိမ်၌ အသုံးပြုသည့်မီးများကို သေချာစွာစိစစ်ပြီးမှ သွားလာကြရန် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များအား မီးကိုအသုံးမပြုစေရန်၊ မီးငြိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ အသင့်ထားရှိရန်၊ လောင်စာဆီများ စည်းကမ်းမဲ့သိုလှောင်အသုံးပြုခြင်း ရောင်းချခြင်းများမပြုလုပ်ကြရန်နှင့် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ်ဖုန်း ၁၉၁၊ ခရမ်းမြို့နယ် မီးသတ်စခန်း ၀၅၆၃၀၀၃၉ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းစသဖြင့် လိုက်လံဆော်သြပေးခဲ့သည်။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းစေရေး လောင်စာဆီဆိုင်များစစ်ဆေးခြင်း၊ ဈေးများတွင် မီးသုံးစွဲမှုများအား စစ်ဆေးဆောင်ရွက်ခြင်း လက်တွေ့သရုပ်ပြ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမင်း ( ခရမ်း )