တာမွေမြို့နယ်တွင် Grade-5 သင်ရိုးသစ် နည်းပြသင်တန်းဖွင့်လှစ်ပို့ချပေး

တာမွေ ဧပြီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပဉ္စမတန်းသင်ရိုးသစ်ကို သင်ကြား နိုင်ရန်နှင့်မူလတန်းကို ခြုံငြုံပြီး အလယ်တန်းကို လေ့လာချိတ်ဆက်နိုင်စေရန်အတွက် GRADE-5 သင်ရိုးသစ်နည်းပြ အွန်လိုင်း သင်တန်းကို ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ် (၁၆၄)လမ်းရှိ မြို့နယ်ပညာ​​​ရေးမှူးရုံး၌ ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

"ဒီသင်တန်းတက်ရောက်တဲ့အခါမှာ ကျွန်မတို့အနေနဲ့ အတွေ့အကြုံတွေ၊  ဗဟုသုတတွေများစွာ ရရှိပါတယ်။ ဒီအလယ်တန်းအဆင့် ပညာရေး သင်ရိုးညွှန်းတမ်းကို ကျောင်းသား/သူများအား ပြန်လည်သင်ကြားရာတွင် အသက်အရွယ်နှင့် သင့်လျော်တဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ၊ ဗလ ဟန်ချက်ညီညီနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့၊ တိုင်းရင်းသား လူမျိုးများ၏ ဘာသာစကားနှင့် ယဉ်ကျေးမှု ဓလေ့တွေကို တန်ဖိုးထားတတ်ဖို့၊ လိုအပ်တဲ့ အသိပညာ၊ ကျွမ်းကျင်မှုတွေနဲ့ စိတ်နေ သဘောထား တွေ ဖွံ့ဖြိုးတိုးတက်စေဖို့ နိုင်ငံသားကောင်းတစ်ယောက်မှာရှိရမယ့် စရိုက် လက္ခဏာတွေ၊ ဒီမိုကရေစီအလေ့အကျင့်ကောင်းတွေ၊ ပြည်သူ့နီတိကျင့်စဉ်တွေ ဖြစ်ထွန်းစေဖို့၊ ကျန်းမာရေးနှင့် ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့အတွက် အဓိကထား သင်ကြားပေးနိုင်စေရန် လေ့ကျင့်ပို့ချပေး တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီသင်တန်းပြီးဆုံးလို့ မိမိတို့ကျောင်းတွေကို ပြန်ရောက်တဲ့အခါကျရင်လည်း ကလေးတွေကို ကျောင်းသားဗဟိုပြုတဲ့ သင်ကြားရေးစနစ်တွေနဲ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ် " ဟု အဆိုပါ သင်တန်းဖွင့်လှစ်မှုအပေါ် သင်တန်းသူတစ်ဦးကဆိုသည်။

 အဆိုပါသင်တန်းကို ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာဦးစီးဌာန ပညာရေး သုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန (နေပြည်တော်)မှ အွန်လိုင်းစနစ်ဖြင့် ၂၀၂၂-ခုနှစ် ဧပြီ(၂၀)ရက်နေ့မှ ဧပြီ(၂၆)ရက်နေ့အထိ တာမွေမြို့နယ်မှ သင်တန်းသူ/သင်တန်းသား ဆရာ/ ဆရာမ (၁၅)ဦးအား တိုက်ရိုက်ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိပြီး  သင်တန်းတွင် သင်တန်းသား/ သင်တန်းသူများအား GRADE-5 သင်ရိုးသစ် လက်စွဲစာအုပ်မှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာရပ်တို့ကို သက်ဆိုင်ရာ ဘာသာရပ်များ အလိုက် သင်ကြားပို့ချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်