ဘားအံမြို့၌ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိသူများနှင့် ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီးသူများအား Booster Doseဆေး ထိုးနှံပေး

ဘားအံ ဧပြီ ၂၁

ကရင်ပြည်နယ် ဘားအံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဘားအံမြို့နယ်အတွင်းရှိ  ရပ်ကွက်နှင့်ကျေးရွာများတွင်  ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံရန်အတွက် စုရပ်(၁၁)နေရာတွင်  ယနေ့နံနက် (၉:၀၀) နာရီမှ စတင်၍ ညနေ(၄)နာရီထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် စုရပ်နေရာများဖြစ်သည့် မြို့ပေါ်တွင် အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ် (၆)ရပ်ကွက် ဒေသန္တရာဆေးပေးခန်း၊ ဂျိုင်းကျေးရွာ၊ ရသေ့ပျံကျေးရွာ၊ ကော့စိန်ဘန်(အထက်)ကျေးရွာ၊ ဝဲကြီးကျေးရွာ၊နောင်ကမြိုင်ကျေးရွာ၊ ကော့ရင်းအောက်ကျေးရွာ၊ မုက္ကဒိကျေးရွာ၊ ကော့ကျိုက်(ဖအွံ့)ကျေးရွာနှင့် လှာကဒေါင်ကျေးရွာ များတို့တွင် ကာကွယ်ဆေး မထိုးနှံရသေးသည့်  အသက်(၁၅)နှစ်နှင့် (၁၈)နှစ် ကြားပြည်သူများ ၊ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများကို ပထမအကြိမ်ထိုးနှံပေးခြင်း၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသည့် (၁၈)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ်ထိုးနှံပေးခြင်း ၊ ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီးသည့် (၆)လပြည့် အသက်(၄၀)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Dose ဆေးများ ကို  စုရပ်များအလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ Volunteerများက ကိုယ်အပူချိန် တိုင်း တာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ရောဂါအခံရှိ/မရှိမေးမြန်းခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေခြင်းများအား စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)