ပြင်ဦးလွင် ဧပြီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ လူမှုကူညီရေး အသင်းဝင်များအား ရှေးဦးသူနာပြုစုနည်းဆိုင်ရာ အသိပညာများကို ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ အသင်းတို့ပူးပေါင်းကာ ရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်လှစ်ပို့ချလျက်ရှိရာ ယနေ့တွင် သင်တန်းဒုတိယမြောက်နေ့အဖြစ် ယနေ့နံနက် ၁၀ နာရီမှ စတင်၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းဒုတိယမြောက်နေ့တွင် မြို့နယ်ကြက်ခြေနီ ဒုတိယတပ်ဖွဲ့မှူးဦးထွန်းထွန်းဝင်းနှင့် တပ်ခွဲ မှူး ဒေါ်အေးအေးမိုးတို့က ဒဏ်ရာဆေးထည့်နည်း ၊ အရိုးကြိုးလူနာအား ကြပ်စည်းနည်း၊ ကျောရိုးတန်းမကြီး ဒဏ်ရာရလူနာအားပြုစုနည်း၊ မီးလောင်ဒဏ်ရာရလူနာအား လူနာတင်/ချ ပြုလုပ်ခြင်းနည်းတို့အား စာတွေ့၊ လက်တွေ့နှစ်မျိုးစလုံးဖြင့် ကျွမ်းကျင်စွာတက်မြောက်စေရန် သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ( ၂၀ - ၄ - ၂၀၂၂ ) ရက်နေ့မှ ( ၂၂ - ၄ - ၂၀၂၂ ) ရက်နေ့အထိ (၃) ရက် တာဖြင့် နံနက် ( ၁၀:၀၀ ) မှ ညနေ ( ၁၆:၀၀ ) နာရီအထိ သင်ထောက်ကူပစ္စည်း အစုံအလင်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ သင်ကြားပို့ချ မည်ဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များအတွင်း လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခမဲ့သင်တန်းများဖွင့်လှစ်ပို့ချ လျက်ရှိပြီး ယခု ဖွင့်လှစ်သည့် ရှေးဦးသူနာပြုစုနည်းသင်တန်းသို့ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အရပ်ဘက် လူမှု ကူညီရေးအသင်းအဖွဲ့(၁၇)ဖွဲ့မှ သင်တန်းသား/သင်တန်းသူ (၃၄) ဦး ပါဝင်တက်ရောက်လျက် ရှိကြောင်း သိရသည်။
ခရိုင် ( ပြန် / ဆက် )