မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပပြုလုပ်

သီပေါ ဧပြီ  ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်၊ ကျေးရွာများတွင် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ သက်ကြီးဘိုးဘွားများအား ကန်တော့ခြင်း၊ စတုဒီသာကျွေးမွေး လှူဒါန်းခြင်းနှင့် ဘုရားစေတီပုထိုးများအား ရေသပ္ပါယ်ခြင်းတို့ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယမန်နေ့က အစဉ်အလာမပျက် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်း ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်ကျေးရွာများ၌ ဆရာတော်၊သံဃာတော်များက မြန်မာ့ရိုးရာနှစ်သစ်ကူးမင်္ဂလာအခါသမယနှင့်ပတ်သက်၍ဩဝါဒစကားများမြွက်ကြားခဲ့ပြီးပရိတ်တရားတော်  များရွတ်ဖတ်ချီးမြှင့်ပေးခဲ့ကြကြောင်း၊ တရားနာပရိတ်သတ်အပေါင်းတို့မှ သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြကာ ရေစက်သွန်းချ အမျှပေးဝေခဲကြကြောင်းနှင့် မြို့နယ်အတွင်းရှိပြည်သူများ အန္တရာယ်ကင်းဝေးစေရန် ဆရာတော်၊ သံဃာတော်များမှ မြို့တွင်းရပ်ကွက်များနှင့်ကျေးရွာများသို့ ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်ပေးခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)