မော်လမြိုင် မတ် ၁၆
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆပ်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့ နေ့လည်(၁၃)နာရီအချိန်က ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၀န်ကြီးချုပ်ဦးဇော်လင်းထွန်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအား “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ဖွင့်လှစ်ကာ ထူးမခြားနားသီးချင်းဖြင့် ပူဇော်ကန်တော့ပြီး မုဒုံမြို့ မြို့မ ၄ ရပ်ကွက် ယာ၀ဘောဇနကျောင်းတိုက်၏ ဦးစီးပဓာန နာယက မဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဓန္တကေတုဝါရ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။
ထိုနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက သာသနာရေး ဆိုင်ရာများအား လျှောက်ထားပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာ ကြီး ထံသို့ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်၀တ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သံဖြူဇရပ်မြို့ ပရိယတ္တိသာသနာပါလမွန်ကျောင်း၏ ဦးစီးပဓာနနာယက မြို့နယ်သံဃနာယကအဖွဲ့ (ရွှေကျင်) ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားအား “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၉ ပါးနှင့် သီလရှင် ဆရာကြီး ၁ ပါးတို့အား ဆွမ်းဆန်စိမ်းများ လောင်လှူခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်ပြန်/ဆက်